NP News

Day Club နှင့် Private Cinema များပေါများလာခြင်း၏ ဘေးထွက်ဆိုးကျိုး ဆယ်ကျော်သက်တို့အပေါ် များစွာသက်ရောက်မှုရှိနေ

သန့်ဇင် (NP News) - နိုဝင်ဘာ ၂၄

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် Day Club နှင့် Private Cinema များ ပေါများလာခြင်း၏ ဘေးထွက်ဆိုးကျိုးသည် ဆယ်ကျော်သက်တို့အပေါ် များစွာကျရောက်နေကြောင်း NP News ၏ စုံစမ်းမေးမြန်းချက်များအရ သိရသည်။
လက်ရှိ ရန်ကုန်မြို့တွင် မြို့ပြလူနေမှုပုံစံနှင့် ခေတ်ရေစီးကြောင်းပြောင်းလဲလာမှုနှင့်အတူ Day Club နှင့် Private Cinema များစွာ ပေါ်ပေါက်လာသည်ကိုတွေ့ရသည်။ Day Club များသည် မွန်းလွဲ ပိုင်းမှညနေပိုင်းအထိဖွင့်လှစ်လေ့ရှိကြပြီး များသောအားဖြင့် ဝင်ထွက်ခွင့်ကို အသက်အရွယ်ကန့်သတ် ထားခြင်းမရှိသဖြင့် ဆယ်ကျော်သက်အရွယ် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများပါ ရံဖန်ရံခါ လာရောက်လေ့ရှိကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်မြို့၏ လူဦးရေထူထပ်သောနေရာအချို့တွင် သီးသန့်အခန်းငယ်များဖြင့် ရုပ်ရှင် ကြည့်ရှုနိုင်သော Private Cinema များသည် လူငယ်များအကြား ရေပန်းစားလာနေပြီး အသက်မပြည့် သူများပင် ဝင်ထွက်ခွင့်ရရှိနေကြောင်းသိရသည်။ “လှည်းတန်းမှာ အဲဒီ Day Club နဲ့ Private Cinema တွေရှိတယ်။ နေ့ခင်းကြောင်တောင်ကြီး လူငယ်တွေ အစုလိုက်အစုလိုက် သွားနေကြတာတွေ့တယ်လေ။ ကျွန်တော်မြင်တာတော့ အသက်မပြည့်ကြသေးဘူး” ဟု သိရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် အသက် (၁၃) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးတွင် HIV ရောဂါပိုးကူးစက်ခံရခြင်းနှင့်ပတ်သက်၍ ဖော်ပြရေးသားမှုအချို့ ရှိခဲ့ သည်။ အဆိုပါအမျိုးသမီးငယ်သည် HIV ပိုးကူးစက်တတ်သည့်အကြောင်းရင်း (၅)ချက်အနက် မကြာခ ဏ Day Club နှင့် Private Cinema များသို့ သွားရောက်ပြီးနောက် အမျိုးသားများနှင့်ဆက်ဆံမိရာမှ ကူး စက်ခံရခြင်းဖြစ်ကြောင်း ဖော်ပြရေးသားထားသည်။

“Day Club တွေများလာတာဟာ တိုက်ရိုက်တော့ HIV မဖြစ်ဘူး။ သို့သော် နောက်ဆက်တွဲတွေ အပြန်မှာ Date ကြတာတို့နဲ့ Club ထဲမှာ ဆေးတွေသုံးကြတာပေါ့နော်။ ဒါတွေက ကူးတာပေါ့။ အခု ယဉ် ကျေးမှုပြောင်းလဲလာတာနဲ့အမျှ Tattoo ထိုးတဲ့ကိစ္စတွေ၊ အလှအပရေးရာကိစ္စတွေကလည်း HIV နဲ့ ဆိုင် နိုင်တယ်။ MSM လို့ခေါ်တဲ့ အမျိုးသားအချင်းချင်း လိင်တူဆက်ဆံတာကနေလည်း HIV ကူးနိုင်တယ်”ဟု ဆရာဝန်တစ်ဦးက သုံးသပ်ပြောကြားထားသည်။
လက်ရှိခေတ်ကာလအရ အသက် (၁၈) နှစ်၊ (၁၉)နှစ်အရွယ်သို့ရောက်ရှိပါက စဉ်းစားချင့်ချိန်နိုင် သည့်ရင့်ကျက်မှုမျိုး ရရှိလာနိုင်သော်လည်း အသက်ငယ်ရွယ်သည့် ဆယ်ကျော်သက်များအနေဖြင့် ဆေး ပညာရှုထောင့်အရရော လူမှုပတ်ဝန်းကျင်ရှုထောင့်အရပါ စူးစမ်းလက်တည့်စမ်းလိုစိတ်ကြောင့် မှားယွင်း သော လမ်းကြောင်းပေါ် ရောက်ရှိသွားနိုင်ကြောင်း ၎င်းကဆိုသည်။

“ခေတ်ရေစီးကြောင်းအရ ဖြစ်နေတာပေါ့။ ကျွန်တော်တို့ အဲဒီအရွယ်တုန်းက ဘာမှကိုမသိသေး ဘူး။ အခုက ခေတ်ရေစီးကြောင်းအရ အသက်ငယ်ရင် မဖြစ်ရဘူးလို့ မရှိတော့ဘူး။ အခုခေတ်မှာ ဆေး ပညာ ရှုထောင့်ကကြည့်ရင်လည်း ဟော်မုန်းအပြောင်းအလဲတွေဖြစ်လာတယ်။ လက်တည့်စမ်းချင်လာ တယ်။ ဆိုရှယ် ရှုထောင့်ကကြည့်ရင်လည်း လက်တည့်စမ်းချင်လာတယ်။ အတုမြင်အတတ်သင်တွေ အများကြီး ရှိလာတယ်။ ဒါတွေကြောင့်လည်း ဖြစ်သွားကြတယ်လို့ မြင်ပါတယ်” ဟု အထက်ပါဆရာဝန် က ပြောသည်။
ထို့ကြောင့် သီးသန့်လွတ်လပ်မှုကို အသားပေးထားသည့် Day Club နှင့် Private Cinema ကဲ့သို့ သောနေရာများတွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် အန္တရာယ်ရှိသည့်အပြုအမူများ မဖြစ်ပွားစေရန် မိဘ အုပ်ထိန်းသူများ၏စောင့်ကြည့်ထိန်းကျောင်းမှုနှင့် ကျန်းမာရေးအသိပညာပေးမှုများကို ပိုမိုမြှင့်တင် ဆောင်ရွက်ရန်လိုအပ်နေပြီဖြစ်ကြောင်းလည်း ၎င်းကအကြံပြုပြောကြားထားသည်။

မူရင်းသတင်း — NP News