စိုးမိုး (စံပြကျောင်း၊ မန္တလေး)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၀၃ ခုနှစ် ဆေးလိပ်နှင့် ဆေးရွက်ကြီးထိန်းချုပ်ရေးမူဘောင် သဘောတူညီချက်စာချုပ် WHO-FCTC (Framework Convention on Tobacco Control) ကို မြန်မာနိုင်ငံအနေဖြင့် ၂၀၀၄ ခုနှစ်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်အနေဖြင့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို ၂၀၀၆ ခုနှစ် မေလ ၁၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။
ထိုစဉ်က မိမိတို့နိုင်ငံအတွင်း ရှေးနှစ်ပေါင်းများစွာကပင် မိရိုးဖလာနှင့် လူမှုရေးဧည့်ခံရာတွင် အဓိကထားသုံးစွဲကြသည့် ဆေးပေါ့လိပ်၊ စီးကရက်များနှင့် အခြားပုံစံများဖြင့် ဆေးရွက်ကြီးသုံးစွဲမှု တို့ကိုဦးတည်၍ တားမြစ်သည့် ရည်ရွယ်ချက်ကိုသာ လိုအပ်သလိုဖော်ဆောင်ရန် အဓိကရည်ရွယ်ပြီး ဥပဒေတွင် ထည့်သွင်းဖော်ပြခဲ့ပါသည်။
အီးစီးကရက်ဟုခေါ်သည့် အီလက်ထရောနစ်စီးကရက်ကို တရုတ်နိုင်ငံက ၂၀၀၃ ခုနှစ်တွင်စတင်၍ တီထွင်ခဲ့ပြီး နိုင်ငံတကာ၌လည်း ပေါ်ထွန်းခါစကာလ ဖြစ်သည့်အလျောက် အသုံးပြုမှုပမာဏ ကြီးမားစွာမရှိသေးခြင်း၊ မြန်မာနိုင်ငံ၌လည်း တင်သွင်းသုံးစွဲလာမှု ပြောပလောက်အောင် မရှိသေးခြင်းကြောင့် မိမိတို့နိုင်ငံ၏ ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေတွင် အီးစီးကရက်အပါအဝင် နောင်ကျယ်ကျယ်ပြန့်ပြန့် ထပ်မံထုတ်လုပ်လာသည့် အီလက်ထရောနစ်စနစ်သုံး အငွေ့ရှူကိရိယာများဖြစ်သည့် ဆေးရွက်ကြီးအပူပေး အငွေ့ရှူစက်များ (Heated Tobacco Products)၊ အီလက်ထရောနစ် ရှိရှား (Electronic Shisha) အပါအဝင် Bamboo Pipe ၊ Hookha စသည့် ရေပြောင်းမျိုးစုံတို့ကို ဥပဒေထဲတွင် ထည့်သွင်းတားမြစ် ကန့်သတ်ထားခြင်းမရှိခဲ့ပါ။
ခေတ်ကာလအလျောက် ဆေးပေါ့လိပ်၊ ရိုးရိုးစီးကရက်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို ဥပဒေဖြင့်တားမြစ်ရန် အကျုံးဝင်လင့်ကစား လွန်ခဲ့သည့်အနှစ်နှစ်ဆယ်အတွင်း ဥပဒေသက်ရောက်မှု၊ အကောင်အထည်ဖော်မှုနှင့် ပြည်သူလူထု၏ ဥပဒေအပေါ်သိရှိနားလည်မှု၊ သဘောပေါက်မှုတို့မှာလည်း နည်းပါးသည့်အလျောက် အမြတ်အစွန်း ကြီးမားစွာရရှိနေသော ဆေးလိပ်ကုန်ထုတ်လုပ်ငန်းအနေဖြင့် ကမ္ဘာတစ်ဝန်းနိုင်ငံများ၏ တားမြစ်ကန့်သတ်ချက်၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတို့ကို လက်တစ်လုံးခြားပြုလုပ်ကာ ဥပဒေ၏ပျော့ကွက်၊ ယိုကွက်၊ ဟာကွက်များကို လှည့်ပတ်ရှောင်ကွင်းပြီး မှားယွင်းသောသတင်းစကားများကို အခြေပြုကာ လိမ်လည်လှည့်ဖြား ကြော်ငြာခြင်း၊ စပွန်ဆာပေးကာ အရောင်းဈေးကွက်မြှင့်တင်ခြင်း၊ ဒီဂျစ်တယ်နည်းလမ်းသုံးကာ ဈေးကွက်ထိုးဖောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းတို့ဖြင့် အထက်ဖော်ပြပါ ခေတ်မီဆေးရွက်ကြီးထုတ်ကုန် ပစ္စည်းသစ်များနှင့် လူ၏ကျန်းမာရေးကို ထိခိုက်စေသည့် Vapes မျိုးစုံရောင်းချမှုများ၊ အီလက်ထရောနစ် အငွေ့ရှူစက် (Electronic Smoking Devices) များတွင် ဖြည့်စွက်သည့်အရည်တောင့်၊ အရည်ဘူး (Cartridges) များကို ရောင်းချသောဆိုင်များ မြို့ကြီးများအနှံ့ လျင်မြန်စွာ ပေါ်ပေါက်လာခဲ့ကြပါသည်။
သုံးစွဲသူအများစုမှာ ခေတ်နှင့်အတူ ရင်ပေါင်တန်းလိုသော၊ တက်ကြွသော၊ စမ်းသပ်လိုစိတ်ရှိသော၊ ဆန်းသစ်မှုကို တောင့်တမက်မောကြသော၊ သက်တူရွယ်တူချင်း အပြုအမူ ကူးစက်လွယ်သော ဆယ်ကျော်သက်လူငယ် လူရွယ်များ၊ ကျောင်းသားထုများအတွင်းသို့ ခေတ်မီနီကိုတင်းသုံးစွဲမှု အပြုအမူ ကူးစက်မှုများသည် ကပ်ရောဂါအသွင် လျင်မြန်စွာပျံ့နှံ့လာခဲ့ပါသည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် အဆိုပါအငွေ့ရှူရှိုက်ခြင်းနှင့်ဆိုင်သော အီးစီးကရက်၊ ဆေးရွက်ကြီးအပူပေး အငွေ့ရှူကိရိယာများ၊ အီလက်ထရောနစ် ရှိရှားအမျိုးအစား ကိရိယာများနှင့် ဆက်စပ်ပစ္စည်းများကို အထူးကုန်စည် အဖြစ်သတ်မှတ်ကာ ရောင်းဝယ်ဖောက်ကားခြင်း၊ တင်သွင်းခြင်း၊ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သိုလှောင်ခြင်း၊ သုံးစွဲခြင်း၊ ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်း တို့ကိုမပြုလုပ်ရန် လုံးဝပိတ်ပင်တားမြစ် အမိန့်ကြော်ငြာစာကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။
ထိုသို့ အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်ခြင်းကြောင့် မှိုလိုပေါက်ကာ တစ်ဟုန်ထိုးတိုးတက် ပေါ်ထွန်းလာသော Vape ဆိုင်များမှာ မတွေ့ရသလောက် ဖြစ်သွားသော်ငြား ရောင်းချသူနှင့် သုံးစွဲသူတို့အကြား ချိတ်ဆက်ပြီး လျှို့ဝှက်စွာ ရောင်းချမှု၊ သုံးစွဲမှုရှိနေနိုင်သေးသည်။
တားမြစ်အမိန့်ကြော်ငြာစာ မထုတ်မီက နိုင်ငံတွင်းသို့ ရောက်ရှိပြီး ဆိုင်တင်ရောင်းချနေသော Vape Devices များမှာ မနည်းလှသောအရေအတွက် ပမာဏရှိမည့်အပြင် ဈေးကွက်လိုအပ်ချက်အရ နယ်စပ်ဒေသများမှ တရားမဝင်ကုန်သွယ်မှုများမှလည်း ထပ်မံဝင်ရောက်နိုင်သေးသည်ဖြစ်၍ ဌာန၊ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကို အမှန်တကယ် ထိခိုက် စေမည့် အထူးသဖြင့် လူငယ်ထုကို အန္တရာယ်ပြုနိုင်မည့် Vape ပစ္စည်းကိရိယာများနှင့် ဆက်စပ်ပစ္စည်းများကို အလေးထားနှိမ်နင်းတားဆီးရန် တာဝန်ရှိသည်နှင့်အမျှ တာဝန်ကျေပွန်စွာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပိတ်ပင်သွားရန်လည်း လိုအပ်လှပါသည်။
ပြည်တွင်းထုတ် ရိုးရိုးဆေးလိပ်ထဲတွင် ဆေးသားအဖြစ် ဆေးရိုးနှင့် ဆေးရွက်ကြီး အကျိုးအကြေများကို ရောနှောထည့်သွင်းပြီး ဆေးလိပ်ခုံများမှ ဆေးပေါ့လိပ်အဖြစ်လည်းကောင်း၊ ဆေးရွက်ကြီးကို အဓိကထားလိပ်ကြသည့် ဆေးပြင်းလိပ်ကိုလည်းကောင်း မြန်မာနိုင်ငံတွင် ရှေးနှစ်ပေါင်းများစွာ ကတည်းကပင် ထုတ်လုပ်သောက်သုံးခဲ့ကြသည်။
မြန်မာ့ရိုးရာလူမှုဘဝ၏ တစ်စိတ်တစ်ပိုင်းအဖြစ်လည်း ဧည့်ဝတ်ပြုတည်ခင်းရာတွင် အသုံးပြုခဲ့ပါသည်။ ရှေးယခင်က မည်သို့ပင်ရိုးရာဓလေ့ ထုံးတမ်း၏ အစိတ်အပိုင်းဖြစ်ခဲ့သော်ငြား ယခုကဲ့သို့ ခေတ်မီတိုးတက်လာသော သိပ္ပံပညာနှင့် ဆေးပညာတွေ့ရှိချက်တို့အရ ဆေးရွက်ကြီးနှင့်ဆေးရွက်ကြီးတွင် ပါဝင်သော နီကိုတင်း၊ ဆေးလိပ်ငွေ့နှင့် အခြားဓာတ်ပစ္စည်းများသည် လူ၏ကျန်းမာရေးကို အထူးထိခိုက်ပြီး ဖြစ်ပွားစေနိုင်သော ကင်ဆာရောဂါအမျိုးမျိုး အပါအဝင် အခြားရောဂါများကြောင့် လူ့ဘဝအရည်အသွေးကို ထိခိုက်ခြင်း၊ အသက်တိုခြင်း၊ ရောဂါကုသစရိတ်ကြောင့် ရောဂါခံစားရသူနှင့် မိသားစုပတ်ဝန်းကျင်အသိုင်းအဝိုင်းအဖို့ ကုန်ကျစရိတ်အပြင် နိုင်ငံတော်အနေဖြင့်လည်း ကျန်းမာရေးကုသမှုစရိတ်များစွာ ကုန်ကျထိခိုက်ခြင်းကြောင့် ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်နှင့် စီးကရက်မသောက်သုံးရန် ကြိုးပမ်းခြင်း၊ သောက်သုံးနေပါကလည်း ဖြတ်တောက်ရန် ဆောင်ရွက်ခြင်းတို့ လုပ်ဆောင်ရန် လိုအပ်လာပါသည်။ ထိုစွဲလမ်းမှုပြဿနာများ၏ အရင်းခံမှာ ဆေးရွက်ကြီးတွင် သဘာဝအလျောက်ပါဝင်သည့် နီကိုတင်းဓာတ်ကြောင့် ဖြစ်ပါသည်။
ဆေးရွက်ကြီးထိန်းချုပ်မှု ဥပဒေများအားကောင်းလာမှုကြောင့် နောက်ပိုင်းတွင် ဆေးရွက်ကြီးတွင်ပါဝင်သော သဘာဝနီကိုတင်းထုတ်လုပ်မှု လျှော့ချနေကြသည်ဆိုသော်ငြားလည်း ဓာတ်ခွဲခန်းထုတ် နီကိုတင်း (Synthetic nicotine) များကိုပါ ပြောင်းလဲထုတ်လုပ်လာကာ နီကိုတင်းထုတ်ကုန်သစ်များ ဖန်တီးရန်အတွက် ဆေးလိပ်ထုတ်လုပ် ရေးလုပ်ငန်းတို့မှ ကြံစည်ကြိုးပမ်းလာကြသည်ကို တွေ့ရှိနေရပါသည်။
သဘာဝအတိုင်း နီကိုတင်းပါဝင် သောဆေးရွက်ကြီးမှ ယခင်ကဆေးပေါ့လိပ်၊ စီးကရက်များ ထုတ်လုပ်ရန်သာ သုံးစွဲခဲ့ကြသော်လည်း ယခုအခါ နီကိုတင်းဓာတ်ကို ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာနှင့် ညင်သာစွာ ပို့ဆောင်ပေးသည့်ထုတ်ကုန်သစ်များစွာကို ဆေးလိပ်ထုတ်လုပ်ရေးလုပ်ငန်းတို့မှ ထီထွင်ကာ ထွက်ပေါ်လာလျက်ရှိကြောင်းလည်း တွေ့ရှိနေရပါသည်။
(၁) အီးစီးကရက်ခေါ် အီလက်ထရောနစ် စီးကရက်။ လူ၏ကျန်းမာရေးကို ထိခိုက်စေသော နီကိုတင်းနှင့် အခြားဓာတုပစ္စည်းများ ပါဝင်သည့်အရည်ကို အီလက်ထရောနစ်နည်းစနစ်ဖြင့် အပူပေးပြီး ရှူရှိုက်နိုင်သော ငွေ့ရည်မှုန်အဖြစ် ပြောင်းလဲပေးသည့် ကိရိယာဖြစ်ပါသည်။
(၂)ဆေးရွက်ကြီးအပူပေးအငွေ့ရှူကိရိယာများ။ ဆေးရွက်ကြီးကိုမီးမရှို့ဘဲ အပူပေးပြီး ရှူရှိုက်သည့်ထုတ်ကုန် ကိရိယာဖြစ်ပါသည်။ သမားရိုးကျ စီးကရက်ထက် အန္တရာယ်ရှိသော ဓာတ်ပစ္စည်းများနည်းနိုင်သည်ဟု အကြောင်းပြနိုင်သော်လည်း ဘေးအန္တရာယ်ကင်းသည်ဟု မဆိုနိုင်ပါ။
(၃)ဆေးလိပ်ဖြတ်ရန် သုံးစွဲသောအစားထိုး နီကိုတင်းထုတ်ကုန်များ။ ဆေးလိပ်၊ စီးကရက်စွဲလမ်းမှုကို ဖြတ်တောက်ရန်အတွက် သုံးစွဲသောနီကိုတင်းပါဝင်မှု ရာခိုင်နှုန်းနည်းသော ဆရာဝန်၏ အကြံပြုချက်ဖြင့် နီကိုတင်းအစားထိုးကုသမှုအဖြစ် သုံးစွဲသည့်နီကိုတင်းကပ်ခွာပြား (Nicotine Patch)၊ နီကိုတင်းဝါးဆေး (Nicotine Gum) နှင့် နီကိုတင်းငုံဆေး (Nicotine Lozenges) များလည်း ရှိသေးသော်ငြား မိမိတို့မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်စွာအသုံးပြုမှုမရှိသေးပါ။
(၄) နီကိုတင်းငုံဆေး အိတ်ငယ်များ (Nicotine Pouches)။ နှုတ်ခမ်းနှင့် သွားဖုံးကြားထားရှိသုံးစွဲသည့် နောက်ဆုံးပေါ် နီကိုတင်းထုတ်ကုန်တစ်ခုဖြစ်ပြီး လူငယ်ထုအကြား အချိန်တိုအတွင်း ခေတ်စားလာသည့် ပစ္စည်းတစ်ခုဖြစ်ပါသည်။ သစ်ပင်မှရသောသစ်သားကို အခြေခံပြီး အလွန်ပါးလွှာစွာ ပြုလုပ်ထားသော အိတ်ငယ်လေးအတွင်း နီကိုတင်းမှုန့်ကို ဆွဲဆောင်မှုရှိစွာ ထူးကဲသော အနံ့အရသာများဖြင့်ဈေးကွက်အလိုက် ထုတ်လုပ်ထားသည့် နီကိုတင်းငုံဆေး အိတ်ငယ်များဖြစ်ပြီး နီကိုတင်းပြင်းအား အနည်းအများ လိုအပ်သလိုထုတ်လုပ်ရရှိ နိုင်ပါသည်။
ဒီဂျစ်တယ်ဈေးကွက် ဖော်ဆောင်နည်းစနစ်ကိုအသုံးပြုပြီး ကမ္ဘာအနှံ့ခြေဆန့်လာနေသော လူငယ်ထုကို အထူးဆွဲဆောင်မှုရရှိသည့် ထုတ်ကုန်အဖြစ် ပေါ်ထွန်းလာလျက်ရှိပါသည်။
နီကိုတင်း ငုံဆေးထုပ်ငယ်လေး များမှာ အငွေ့မထွက်ခြင်း၊ ပါးစပ်အတွင်း နှုတ်ခမ်းနှင့် သွားဖုံးကြား မည်သူမျှမသိအောင် ထည့်ထားနိုင်သည့်အပြင် ခံတွင်း၌ တံတွေးနှင့်ထိတွေ့သည်နှင့် နီကိုတင်းဓာတ်ကို ခံတွင်းအမြှေးပါးမှတစ်ဆင့် သွေးကြောအတွင်း စက္ကန့်ပိုင်းအတွင်း ရောက်ရှိနိုင်ပြီး အာနိသင်ပြနိုင်ရုံမျှမက ထွေးထုတ်ပစ်ရန်လည်း မလိုအပ်ဘဲ အိတ်ငယ်နှင့်တကွ နီကိုတင်းမှုန့်ပါ အလိုလိုကုန်ခန်းသွားသဖြင့် စာသင်ခန်း၊ ကျောင်းပရဝဏ်၊ အစည်းအဝေးခန်းမနှင့် အများပြည်သူနှင့် ဆိုင်သောနေရာများတွင်ပါ သုံးစွဲရန်အဆင်ပြေသဖြင့် ကြီးစွာသောအနီရောင် အဆင့်အန္တရာယ် နီကိုတင်းခြိမ်းခြောက်မှု ဖြစ်လာစေပါသည်။
ကျန်းမာရေးဝန်ကြီးဌာနက အီလက်ထရောနစ်စီးကရက်၊ ဆေးရွက်ကြီးအပူပေးအငွေ့ရှူကိရိယာ အီလက်ထရောနစ်ရှိရှားနှင့် အလားတူပစ္စည်းကိရိယာများနှင့် ဆက်စပ်ပစ္စည်းကိရိယာ များတင်သွင်းမှု၊ ရောင်းချမှု၊ သိုလှောင်သိမ်းဆည်းမှု၊ သုံးစွဲမှု၊ လက်ဝယ်ထားရှိမှု၊ ကြော်ငြာခြင်း၊ ဈေးကွက်အရောင်းမြှင့်တင်မှုတို့ ပိတ်ပင်ထားသည့်အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း ဒီဂျစ်တယ်ဈေးကွက်ဖော်ဆောင်ခြင်းအတွက် ကြော်ငြာမည့်ပစ္စည်းကို မှတ်ပုံတင်ရန် ညွှန်ကြားထားလင့်သကား တရားမဝင်ကုန်သွယ်မှုနည်းလမ်းဖြင့် တင်သွင်းရောင်းဝယ်မှုများရှိလာနိုင်သဖြင့် အထူးအလေးထားဂရုပြုကာ သက်ဆိုင်ရာဌာန အဖွဲ့စည်းများက ကြပ်မတ်တားမြစ်ရန် တာဝန်ရှိပါသည်။
နီကိုတင်းထွက်ကုန်များကို ဘာကြောင့် တားမြစ်သင့်သလဲ
နိုင်ငံတော်က မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားသော ဘိန်းမည်း၊ ဘိန်းဖြူ၊ ကိုကင်း၊ ဖက်သဒင်း၊ ဆေးခြောက် စသည့် စွဲလမ်းမှုကြီးမားစွာဖြစ်ပြီး ယင်းတို့အပေါ်မှီခိုမှု အလွန်အမင်းဖြစ်ပေါ်စေကာ လူတို့၏စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအရည်အသွေးကို အလွန်နိမ့်ပါးစေသည့်အရာများနှင့် လူတို့၏စိတ်ကိုပြောင်းလဲ ရူးသွပ်စေသော စိတ်ကြွဆေး၊ စိတ်ထဆေးကဲ့သို့သော ဆေးဝါးအမျိုးမျိုးကို သုံးစွဲ၊ ရောင်းချ၊ သယ်ယူ၊ သိုလှောင်၊ လက်ဝယ်ထားရှိခြင်းကို ဥပဒေဖြင့် တားမြစ်ထားပြီး ပြင်းထန်သောပြစ်ဒဏ်များကို ချမှတ်ထားသော်ငြားလည်း လူ၏ကျန်းမာရေးကို အထူးထိခိုက်ရုံမျှမက စွဲလမ်းမှုနှင့်မှီခိုမှုကို ဖြစ်ပွားစေသည့် တရားဝင်သုံးစွဲ၊ တင်သွင်း၊ ထုတ်လုပ်၊ ရောင်းချ၊ သိုလှောင်နိုင်သော နီကိုတင်းပါဝင်သည့် ဆေးလိပ်၊ စီးကရက်နှင့် အခြားနီကိုတင်းပါဝင်သည့် ထုတ်ကုန်များမှာ ပြင်းထန်သည့်ဥပဒေဖြင့် အရေးယူမှုမှ ကင်းလွတ်နေသည့်တစ်ခု တည်းသောအရာဖြစ်နေသေးသည်ကို တွေ့ရှိနေရဆဲဖြစ်ပါသည်။
နီကိုတင်းကို သုံးစွဲခြင်းကြောင့် ဖြစ်ပွားနိုင်သည့် ဆိုးကျိုးအန္တရာယ်များစွာထဲမှ အဓိကမြင်သာသည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) စွဲလမ်းမှုမြင့်မားခြင်း။ နီကိုတင်းသည် ဦးနှောက်ရှိ ပစ်ကျူထရီဂလင်းကို လှုံ့ဆော်ခြင်းဖြင့် ဒိုပါမင်းဓာတ်ထွက်ပေါ် လာစေပါသည်။ ယင်းဒိုပါမင်းဓာတ်သည် အားပြင်းသည့် စိတ်ကြွဆေးဖြစ်ပြီး တဒင်္ဂအားဖြင့် နေထိုင်ကောင်းသည်၊ သောကကိုပြေငြိမ်းစေသည်ဟု ခံစားမှုအတုကို ဖြစ်ပေါ်စေသော်လည်း ဆက်တိုက်သုံးစွဲခြင်းဖြင့် အချိန်တိုအတွင်း ပြင်းထန်သောမှီခိုမှုကို ဖြစ်ပေါ်စေတတ်သည်။
(ခ) နှလုံးသွေးကြောဆိုင်ရာသက်ရောက်မှုများ။ နီကိုတင်းသည် နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်ကို မြင့်မားစေသည်။
(ဂ) ခံတွင်းကလာပ်စည်းပြောင်းလဲမှုများ။ နီကိုတင်းငုံဆေးထုပ်ငယ်များကို သုံးစွဲပါက ပါးစပ်အတွင်း ထည့်သွင်းထား ရှိရာနေရာ၌ ရေရှည်တွင် အနာဖြစ်ပေါ်စေပြီး ထိတွေ့ရာနေရာ၌ ခံတွင်းကလာပ်စည်း ပြောင်းလဲမှုများလည်း နောက်ဆက်တွဲ ဖြစ်ပေါ်စေပါသည်။
(ဃ) ဦးနှောက်ဖွံ့ဖြိုးမှုအပေါ် သက်ရောက်ထိခိုက်ခြင်း။ မွေးစမှအသက် ၂၅ နှစ်ခန့် အထိ လူငယ်လူရွယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှုအပေါ် နီကိုတင်း၏ သက်ရောက်မှုကြီးမားပြီး နောက်ဆက်တွဲလက္ခဏာများလည်း ဖြစ်ပေါ်စေပါသည်။
(င) ဆေးလိပ်ဖြတ်စက်၊ ဆေးလိပ်ဖြတ်ရန် ပစ္စည်းဟုကြော်ငြာသဖြင့် ယုံမှတ်သုံးစွဲကြမှု။ နီကိုတင်းပါဝင်သည့် အီးစီးကရက်၊ ဆေးရွက်ကြီးအပူပေးအငွေ့ရှူ ကိရိယာ၊ အီလက်ထရောနစ် ရှိရှား စသည့်အီလက်ထရောနစ် အငွေ့ရှူစက်အမျိုးမျိုးတို့သည် ကြီးမားစွာ အမြတ်အစွန်းရနေသည့် ဆေးလိပ်ကုန်ထုတ်လုပ်ငန်းမှ အလွဲကြော်ငြာမှုအဖြစ် လူငယ်များတွင်ကျယ်စွာ အသုံးပြုသည့် ဆေးလိပ်ဖြတ်စက်၊ ဆေးလိပ်ဖြတ်ရန်ပစ္စည်း အမှန်တကယ်မဟုတ်ပါ။
အချုပ်အားဖြင့်ဆိုရသော် ဆေးလိပ်နှင့် စီးကရက်မှတစ်ဆင့် ထပ်ဆင့်ထီထွင် လာသည့် အီးစီးကရက်၊ ဆေးရွက်ကြီးအပူပေးအငွေ့ရှူကိရိယာ၊ အီလက်ထရောနစ် ရှိရှား အပါအဝင် အီလက်ထရောနစ်စနစ်သုံး ရေပြောင်းအမျိုးမျိုးနှင့် ထပ်မံပေါ်ထွန်းလာသည့် နီကိုတင်း ငုံဆေးထုပ်ငယ်များမှာ လူငယ်ထု၏ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ခန္ဓာကိုယ်အနှံ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေရုံသာမက နီကိုတင်းစွဲလမ်း မှီခိုမှုကိုလည်း ဖြစ်ပွားစေသည့် အနီရောင်အဆင့် အန္တရာယ်တစ်ခုဖြစ်လာနေပြီဖြစ်ကြောင်းနှင့် အသိ၊ သတိကိုအခြေခံ၍ စတင်မသုံးစွဲမိစေရန်နှင့် သုံးစွဲနေသော သူများအနေဖြင့်လည်း အမြန်ဆုံးဖြတ်တောက်နိုင်ကြစေရေး၊ ဥပဒေအရလည်း အားဖြည့်ဆောင်ရွက်ပြီး ပညာပေးရေးလုပ်ငန်းများကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်လိုအပ်ပါကြောင်း တိုက်တွန်းနှိုးဆော်လျက် ရေးသားလိုက်ရပါသည်။ ။