
#World_Health
Published 23 November 2026
■ မိန်းကလေးဘဝကနေ သွေးဆုံးပြီးချိန်အထိ နှလုံးရောဂါအန္တရာယ်ကို စောစီးစွာ သိရှိကာကွယ်နိုင်ဖို့ အမျိုးသမီးတွေရဲ့ ဟော်မုန်းပြောင်းလဲမှုနဲ့ ဘဝအဆင့်တွေကို အခြေခံပြီး လမ်းညွှန်ချက်အသစ်တစ်ခု ဖော်ထုတ်လိုက်ပါတယ်။
■ အမျိုးသမီးတွေရဲ့ နှလုံးကျန်းမာရေးကို ဂရုစိုက်တဲ့အခါ အသက်အရွယ်တစ်ခုတည်းကို ကြည့်ပြီး ဆုံးဖြတ်လို့မရတော့ပါဘူး။
■ အပျိုဖော်ဝင်ချိန်၊ ရာသီစက်ဝန်း၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ သွေးဆုံးချိန်တွေမှာ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်ပေါ်လာတာကြောင့် နှလုံးနဲ့ သွေးကြောကျန်းမာရေးအပေါ်လည်း သက်ရောက်မှုရှိနိုင်ပါတယ်။
■ ဒီအချက်ကို အခြေခံပြီး အမေရိကန်ရဲ့ ထိပ်တန်းဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းကြီး ၄ ခုက အမျိုးသမီးတွေရဲ့ နှလုံးကျန်းမာရေးကို ဘဝတစ်လျှောက်လုံး စောင့်ရှောက်နိုင်ဖို့ ပထမဆုံးအကြိမ် ပူးပေါင်းလမ်းညွှန်ချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။
■ အမျိုးသမီးတွေရဲ့ နှလုံးကျန်းမာရေးကို ဘာကြောင့်သီးခြားစဉ်းစားဖို့ လိုအပ်တာလဲ။
■ အမေရိကန်မှာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းအပါအဝင် နှလုံးသွေးကြောဆိုင်ရာရောဂါတွေဟာ အမျိုးသမီးတွေ သေဆုံးရတဲ့ အဓိကအကြောင်းရင်းဖြစ်နေပါတယ်။
■ American Heart Association ရဲ့ အချက်အလက်တွေအရ အမေရိကန်မှာ နှစ်စဉ် အမျိုးသမီး ၄ သိန်းကျော်ဟာ နှလုံးသွေးကြောဆိုင်ရာရောဂါတွေကြောင့် သေဆုံးနေရပါတယ်။
■ ဒီပမာဏဟာ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ နာတာရှည်အဆုတ်ရောဂါတွေကြောင့် သေဆုံးမှု စုစုပေါင်းထက်တောင် ပိုများနေပါတယ်။
■ ဒါပေမဲ့ အမျိုးသမီး ၁၀ ယောက်မှာ ၄ ယောက်လောက် (၄၁ ရာခိုင်နှုန်း) ကသာ နှလုံးသွေးကြောရောဂါဟာ သူတို့အတွက် အကြီးမားဆုံး ကျန်းမာရေးအန္တရာယ်ဖြစ်တယ်ဆိုတာ သိရှိထားကြပါတယ်။
■ အရင်က အမျိုးသမီးတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဟာ သားဖွားမီးယပ်၊ ကလေးကျန်းမာရေးနဲ့ နှလုံးရောဂါကုသရေး စတဲ့ ဆေးပညာနယ်ပယ်တွေမှာ သီးခြားစီဖြစ်နေတတ်ပါတယ်။
■ အခုလမ်းညွှန်ချက်အသစ်ကတော့ အဲဒီနယ်ပယ်တွေကို ချိတ်ဆက်ပြီး အမျိုးသမီးတစ်ဦးရဲ့ ဘဝတစ်လျှောက်လုံး ကျန်းမာရေးကို တစ်စုတစ်စည်းတည်းစောင့်ရှောက်နိုင်ဖို့ရည်ရွယ်ထားတာပါ။
■ ရာသီလာပုံ မမှန်တာကလည်း နှလုံးကျန်းမာရေးအတွက် သတိထားစရာဖြစ်နိုင်တယ်
ဒီလမ်းညွှန်ချက်အသစ်မှာ ရာသီစက်ဝန်းကို အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် အရေးကြီးတဲ့ လက္ခဏာတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။
■ အထူးသဖြင့် -
ရာသီသွေး အလွန်များခြင်း
ရာသီလာချိန် မမှန်ခြင်း
ရာသီစက်ဝန်း အပြောင်းအလဲများခြင်းစတဲ့ လက္ခဏာတွေဟာ ဟော်မုန်းနဲ့ဇီဝဖြစ်စဉ်ဆိုင်ရာပြဿနာတွေကိုဖော်ပြနိုင်ပါတယ်။
■ ဥပမာအားဖြင့် ယခင်က PCOS (Polycystic Ovary Syndrome) လို့ သိထားကြတဲ့ ရောဂါအခြေအနေဟာ ဟော်မုန်းနဲ့ဇီဝဖြစ်စဉ်ဆိုင်ရာ ပြဿနာတွေနဲ့ဆက်စပ်နေပြီး နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်ကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။
■ ဒါကြောင့် ရာသီလာပုံ မမှန်တာကို သာမန်ကိစ္စတစ်ခုလို့ပဲ သဘောမထားဘဲ လိုအပ်ရင် ဆရာဝန်နဲ့တိုင်ပင်စစ်ဆေးသင့်ပါတယ်။
■ သွေးဆုံးခါနီးအချိန်ဟာ နှလုံးကျန်းမာရေးအတွက် အရေးကြီးတဲ့အချိုးအကွေ့တစ်ခု
■ အမျိုးသမီးတွေ အသက် ၄၅ နှစ်ဝန်းကျင် ရောက်လာတဲ့အခါ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တွေပြောင်းလဲလာနိုင်ပါတယ်။
■ အထူးသဖြင့် -
ကိုလက်စထရောပမာဏ ပြောင်းလဲလာခြင်း
သွေးတွင်းသကြားဓာတ် ထိန်းညှိမှု ပြောင်းလဲလာခြင်း
ကိုယ်အလေးချိန်နဲ့ အဆီစုပုံမှုပြောင်းလဲလာခြင်း
သွေးပေါင်ချိန် မြင့်တက်လာနိုင်ခြင်းစတာတွေဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါအန္တရာယ်ကို တိုးလာစေနိုင်ပါတယ်။
■ ဒီအချိန်မှာ ကျန်းမာရေးအခြေအနေကို စောစီးစွာ စစ်ဆေးပြီး လိုအပ်တဲ့ ကာကွယ်မှုတွေ လုပ်ဆောင်ထားနိုင်ရင် နောက်ပိုင်းနှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။
■ သွေးဆုံးပြီးနောက်ကာလမှာ နှလုံးရောဂါကို ပိုပြီးဂရုစိုက်ဖို့လိုအပ်တယ်။
■ သွေးဆုံးပြီးနောက်ကာလဟာ အမျိုးသမီးတစ်ဦးရဲ့ ဘဝတစ်လျှောက်မှာ ၄၀ ရာခိုင်နှုန်းအထိ ရှိနိုင်တဲ့ အချိန်ကာလရှည်တစ်ခုဖြစ်ပါတယ်။
■ သုတေသီတွေရဲ့ဖော်ပြချက်အရ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းနဲ့ နှလုံးအားနည်းခြင်းတို့ဟာ ဒီကာလမှာ အများဆုံးဖြစ်ပွားတတ်ပါတယ်။
■ ဒါပေမဲ့ စောစီးစွာ အန္တရာယ်သိရှိပြီး သင့်တော်တဲ့ ကာကွယ်မှုတွေ လုပ်ဆောင်ထားမယ်ဆိုရင် ဒီဖြစ်ရပ်တွေထဲက ၈၀ ရာခိုင်နှုန်းကျော်ကို ကာကွယ်နိုင်ခြေရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် သွေးဆုံးပြီးသွားပြီဆိုပြီး ကျန်းမာရေးစစ်ဆေးမှုတွေကို လျှော့မထားသင့်ပါဘူး။
■ စိတ်ကျန်းမာရေးကလည်း နှလုံးကျန်းမာရေးနဲ့ ဆက်စပ်နေတယ်။
■ အမျိုးသမီးတွေရဲ့ နှလုံးကျန်းမာရေးဟာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ပဲ သက်ဆိုင်တာမဟုတ်ပါဘူး။
■ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကလည်း အရေးကြီးပါတယ်။
အမျိုးသမီးတွေမှာ -
စိုးရိမ်ပူပန်မှု (Anxiety)
စိတ်ကျရောဂါ (Depression)
အစားအသောက်ဆိုင်ရာ စိတ်ပိုင်းဆိုင်ရာပြဿနာများ (Eating Disorders)
ဖြစ်ပွားနိုင်ခြေရှိပြီး ဒီအခြေအနေတွေကလည်း နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
■ ဒါကြောင့် နှလုံးကျန်းမာရေးကို စစ်ဆေးတဲ့အခါ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။
■ ကိုယ်ဝန်ဆောင်စဉ် ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေဟာ အနာဂတ်နှလုံးကျန်းမာရေးအတွက် သတိပေးချက်ဖြစ်နိုင်တယ်။
■ ဒီလမ်းညွှန်ချက်မှာ အလေးပေးဖော်ပြထားတဲ့ အရေးကြီးဆုံးအချက်တွေထဲက တစ်ခုကတော့ ကိုယ်ဝန်ဆောင်စဉ် ကျန်းမာရေးအခြေအနေကို အမျိုးသမီးတစ်ဦးရဲ့ အနာဂတ်နှလုံးကျန်းမာရေးမှတ်တမ်းအဖြစ်ပါ ထည့်သွင်းစဉ်းစားဖို့ဖြစ်ပါတယ်။
■ ကိုယ်ဝန်ဆောင်စဉ်မှာ အောက်ပါပြဿနာတွေ ကြုံတွေ့ခဲ့ရရင် နောက်ပိုင်း နှလုံးသွေးကြောဆိုင်ရာ ရောဂါအန္တရာယ် ပိုများလာနိုင်ပါတယ်။
■ ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်း
■ Preeclampsia (ကိုယ်ဝန်ဆောင်သွေးဆိပ်တက်ခြင်း)
■ ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ခြင်း
■ လမစေ့ဘဲ ကလေးမွေးဖွားခြင်း
■ ကိုယ်ဝန်သက်တမ်းနဲ့ နှိုင်းယှဉ်ရင် ကိုယ်အလေးချိန်နည်းတဲ့ ကလေးမွေးဖွားခြင်း
■ မွေးဖွားချိန်မှာ ကလေးအသက်မရှင်ခြင်း
■ ဒီပြဿနာတွေဟာ ကိုယ်ဝန်ဆောင်ကာလမှာပဲ အဆုံးသတ်သွားတဲ့ပြဿနာတွေ မဟုတ်ပါဘူး။ နောင်တစ်ချိန်မှာ နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း ဖော်ပြပေးနိုင်တဲ့ အန္တရာယ်အချက်တွေ ဖြစ်ပါတယ်။
■ ဒါကြောင့် ကိုယ်ဝန်ဆောင်စဉ် ကြုံတွေ့ခဲ့ရတဲ့ ကျန်းမာရေးပြဿနာတွေကို ဆရာဝန်ဆီမှာ ပြောပြထားဖို့ အရေးကြီးပါတယ်။
■ ၂၀၂၆ ခုနှစ် American Heart Association နဲ့ American College of Cardiology တို့ရဲ့ ကိုလက်စထရောဆိုင်ရာ လမ်းညွှန်ချက်အသစ်မှာလည်း ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကို အမျိုးသမီးတွေရဲ့ နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်အကဲဖြတ်ရာမှာ ထည့်သွင်းစဉ်းစားထားပါတယ်။
■ ဒီလမ်းညွှန်ချက်အသစ်က အမျိုးသမီးတွေရဲ့ နှလုံးကျန်းမာရေးဟာ အသက်ကြီးလာမှ စတင်ဂရုစိုက်ရမယ့် ကိစ္စမဟုတ်ဘဲ မိန်းကလေးဘဝကတည်းက စတင်စောင့်ရှောက်သင့်တဲ့ အရာဖြစ်တယ်ဆိုတာကို အလေးပေးဖော်ပြထားပါတယ်။
■ အထူးသဖြင့် ရာသီလာပုံ၊ ဟော်မုန်းအပြောင်းအလဲ၊ ကိုယ်ဝန်ဆောင်စဉ် ကျန်းမာရေးအခြေအနေ၊ သွေးဆုံးချိန်နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေဟာ နှလုံးကျန်းမာရေးနဲ့ နီးနီးကပ်ကပ် ဆက်စပ်နေပါတယ်။
■ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ -
ငယ်ရွယ်စဉ်ကတည်းက သွေးပေါင်ချိန်နဲ့ ကိုယ်အလေးချိန်ကို ဂရုစိုက်ပါ။
■ ရာသီလာပုံ မမှန်တာ၊ သွေးအလွန်များတာတွေကို လျစ်လျူမရှုပါနဲ့။
■ ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်း၊ ဆီးချိုဖြစ်ခြင်းတို့ ကြုံခဲ့ရရင် ဆရာဝန်ကို အသိပေးထားပါ။
■ ကလေးမွေးပြီးနောက်ပိုင်းမှာလည်း ကျန်းမာရေးစစ်ဆေးမှုတွေ ပုံမှန်ခံယူပါ။
■ သွေးဆုံးခါနီးနဲ့ သွေးဆုံးပြီးကာလမှာ ကိုလက်စထရော၊ သွေးပေါင်ချိန်နဲ့ သွေးတွင်းသကြားဓာတ်ကို စောင့်ကြည့်ပါ။
■ ကိုယ်ခန္ဓာကျန်းမာရေးသာမက စိတ်ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ။
■ အရေးကြီးဆုံးကတော့ အမျိုးသမီးတွေရဲ့ နှလုံးကျန်းမာရေးကို သီးခြားဂရုစိုက်ဖို့ လိုအပ်တယ်ဆိုတာပါပဲ။
■ နှလုံးရောဂါဖြစ်လာမှ ကုသတာထက် ငယ်စဉ်ဘဝကတည်းက အန္တရာယ်တွေကို သိရှိပြီး ကြိုတင်ကာကွယ်ထားနိုင်ဖို့က ပိုအရေးကြီးပါတယ်။
Source-American Health Association