
ဒီအာကွန်ဂိုနိုင်ငံအတွင်း အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားနေသည့် ဒေသတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရန် WHO အကြီးအကဲ တက်ဒရိုစ် အာဒါနွန် ဂေဘရီယေဆုက နိုဝင်ဘာ ၂၂ ရက်တွင် မေတ္တာရပ်ခံတောင်းဆိုခဲ့သည်။
အောက်တိုဘာလကုန်ပိုင်းမှစ၍ နိုင်ငံအရှေ့ပိုင်းဒေသတစ်ဝန်း တိုက်ခိုက်မှုအကြိမ်ရေ ပိုမိုများပြားလာခဲ့ပြီး ယင်းအခြေအနေသည် အီဘိုလာရောဂါ တုံ့ပြန်တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အကြီးအကျယ် ထိခိုက်စေလျက်ရှိကြောင်း တက်ဒရိုစ်က ပြောကြားခဲ့သည်။
"အီဘိုလာရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ နေရာနဲ့ နီးစပ်တဲ့ အီတူရီပြည်နယ်က ဆေးရုံတစ်ရုံရဲ့ အနီးတစ်ဝိုက်မှာ မနေ့ကတည်းက ပြင်းထန်တဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်" ဟု ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီ အကြီးအကဲက X လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။
အဆိုပါ ဆေးရုံအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများသည် ၎င်းတို့၏ အသက်အန္တရာယ် လုံခြုံရေးအတွက် သားဖွားဆောင်တစ်ခုအတွင်း ၂၄ နာရီကျော်ကြာ ပုန်းခိုနေခဲ့ကြရကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
"ဒီအခြေအနေဟာ ဆေးရုံရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ပိုမိုကျယ်ပြန့်တဲ့ အီဘိုလာရောဂါ တုံ့ပြန်တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို အနှောင့်အယှက် ဖြစ်စေပြီး လူနာတွေ၊ မိသားစုဝင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကြီးမားတဲ့ အန္တရာယ်ထဲ ကျရောက်စေပါတယ်" ဟု တက်ဒရိုစ်က ပြောကြားခဲ့သည်။
WHO အနေဖြင့် အဆိုပါ ကျန်းမာရေးအဖွဲ့ ဘေးကင်းစွာ ထွက်ခွာနိုင်ရေးနှင့် ဆေးရုံအဆောက်အအုံများ၊ ဝန်ထမ်းများနှင့် လူနာများကို အကာအကွယ်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
"အကောင်းဆုံး ဆေးဝါးဟာ ငြိမ်းချမ်းရေးပါပဲ" ဟု တက်ဒရို့စ်က ဆိုသည်။
WHO ၏ အဆိုအရ ကျယ်ပြောလှသော အာဖရိကအလယ်ပိုင်း နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဒီအာကွန်ဂို၏ အဆိုးရွားဆုံး အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားမှုတွင် ကူးစက်ခံရသူ စုစုပေါင်း ၁၁၆၁၃ ဦးအနက် ၅၆၇၈ ဦး သေဆုံးကြောင်း အတည်ပြုထားပြီး ဖြစ်သည်။
အဆိုပါ ဗိုင်းရပ်စ်ပိုးသည် နှစ်ပေါင်း ၃၀ ကျော်ကြာ အကြမ်းဖက်ပဋိပက္ခများ ဒဏ်ကို ခံစားနေရသည့် ဒီအာကွန်ဂိုနိုင်ငံ အရှေ့ပိုင်းနှင့် အရှေ့မြောက်ပိုင်း ဒေသအနှံ့အပြားသို့ ပျံ့နှံ့လျက်ရှိသည်။
နိုဝင်ဘာ ၂၁ ရက်က ထုတ်ပြန်ခဲ့သော နောက်ဆုံးရ သတင်းအချက်အလက်များတွင် အချို့သော ဒေသများ၌ ရောဂါကူးစက်မှု အနည်းငယ် ကျဆင်းလာသည်ကို တွေ့မြင်ရသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာအရမူ မြင့်မားသော ကူးစက်ပျံ့နှံ့မှုနှုန်းမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း WHO က ပြောကြားခဲ့သည်။
အီတူရီ နှင့် မြောက်ကီဗူးပြည်နယ်တို့သည် ရောဂါဒဏ် အဆိုးရွားဆုံး ခံစားနေရသည့် ပြည်နယ်များအဖြစ် ဆက်လက်တည်ရှိနေသည်။
ကုသရေးစင်တာများ လက်လှမ်းမမီသည့် ရပ်ရွာများအတွင်း သေဆုံးမှုအချိုးအစား မြင့်မားနေခြင်း၊ အထူးသဖြင့် ကလေးသူငယ်များအကြား သေဆုံးမှု များပြားနေခြင်းတို့ကြောင့် ရောဂါဖြစ်ပွားမှုကို စောစီးစွာ ရှာဖွေဖော်ထုတ်နိုင်ရေးနှင့် သင့်လျော်သော ကုသစောင့်ရှောက်မှုကို အချိန်မီ ရရှိနိုင်ရေးတို့တွင် စိန်ခေါ်မှုများ ဆက်လက်ရှိနေကြောင်း မီးမောင်းထိုးပြနေသည်ဟု WHO က ပြောကြားခဲ့သည်။
အဆိုပါ အီဘိုလာရောဂါကူးစက်ဖြစ်ပွားမှုသည် နိုင်ငံတကာ စိုးရိမ်ဖွယ်အဆင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ဆက်လက်ရှိနေသေးကြောင်း တက်ဒရိုစ်က သတ်မှတ်ထားသည်။
Ref: AFP
#ဒီအာကွန်ဂိုနိုင်ငံ #အီဘိုလာရောဂါ #WHO