NP News

အငှားကိုယ်ဝန်ဆောင်ရန် မြန်မာအမျိုးသမီးများကို ခေါ်ယူခြင်းသည် လူကုန်ကူးမှုမြောက်

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၂၄

အငှားကိုယ်ဝန်ဆောင်ရန်အတွက် မြန်မာအမျိုးသမီးများကို လူမှုကွန်ရက်မှတစ်ဆင့်ခေါ်ယူခြင်း သည် လူကုန်ကူးမှုမြောက်ကြောင်း အငြိမ်းစားရဲမှူးကြီးတစ်ဦးက NP News သို့ပြောသည်။
လူမှုကွန်ရက် TikTok စာမျက်နှာထက်တွင် အငှားကိုယ်ဝန်ဆောင်အလုပ်အတွက်ဟုဆိုကာ လူခေါ်ခြင်းများရှိနေပြီး ပြည်ပတွင် ကိုယ်ဝန်ဆောင်ရမည်ဖြစ်ကြောင်းနှင့် ကလေးမွေးထားဖူးသူ အမျိုးသမီးများကိုအလိုရှိကြောင်း အမျိုးသမီးတစ်ဦးက ပြောကြလားကာ လူခေါ်နေကြောင်း မြင်ရသည်။

အငှားကိုယ်ဝန်ဆောင်ရန်အတွက် ဆေး စစ်ရမည်ဖြစ်ကြောင်း၊ ဆေးစစ်၍အောင်ပါက Clear ဖြစ်ရင် သန္ဓေသားနည်းဖြင့် ကိုယ်ဝန်ဆောင်စေပြီးနောက်က လေးမမွေးဖွားမီ မြန်မာငွေ ကျပ် သိန်းပေါင်း (၃၀ဝ) ကျော်နှင့်ညီမျှသောဘတ်ငွေကို တစ်လချင်းပေးချေ မည်ဖြစ်ကြောင်းကိုပါ ပြောကြားထားခြင်းဖြစ်သည်။
“နေစရိတ်၊ စားစရိတ်ငြိမ်း။ ရာသီမလာခင် လာနေမယ်။ ရာသီလာပြီးနောက်မှာ ဆေးတိုက်မယ်။ ဆေးကို တစ်ပတ်သောက်ရမယ်။ ဆေးသောက်ပြီး သွားရင် သွေးသွားစစ်ရမယ်။ ဆေးစစ်ပြီး အကုန် Clear ဖြစ်ရင် ဖန်ပြွန်သန္ဓေသားနည်းနဲ့ သားအိမ်ထဲ ကိုထည့်တယ်။ Transfer လုပ်ပြီးရင် ဒေါ်လာ (၂၀ဝ) ရမယ်။ ကိုယ်ဝန်ရှိတဲ့အခါကျ ဒေါ်လာ (၂၀ဝ) ထပ်ရ မယ်။ ကိုယ်ဝန် (၂)လပြည့်လို့စစ်လိုက်ရင် ကလေး နှလုံးခုန်ပြီဆို ဒေါ်လာ (၄၀ဝ)စရတယ်။ ကျန်တဲ့ (၉) လအထိကို တစ်လကို ဒေါ်လာ (၄၀ဝ) ပေးသွား မယ်။ ကျန်တဲ့ငွေတွေကို ကလေးမွေးပြီးနောက်နေ့မှာ ပေးချေတယ်”ဟု ၎င်းကပြောထားသည်။
ကာယကံရှင်အမျိုးသမီးများ၏ သဘောတူညီမှုရှိသည့်တိုင် အငှားကိုယ်ဝန်ဆောင်ခြင်းသည် လူ ကုန်ကူးမှုမြောက်ကြောင်း အငြိမ်းစားရဲမှူးကြီးက ဆိုသည်။

“လက်ရှိ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေအသစ်မှာလေ အငှားကိုယ်ဝန်ဆောင်စေခြင်း ဆိုတာက လူကုန်ကူးမှုမြောက်တဲ့ဥပဒေဖြစ်တယ်။ လိုင်းပေါ်မှာကြေညာနေခြင်းသည် လူကုန်ကူးမှု မြောက်သွားတဲ့အဆင့်တော့ မဟုတ်ဘူး။ သို့သော် လူကုန်ကူးရန်ကြံရွယ်ချက်နဲ့ လူတွေကိုစည်းရုံးတာ ဖြစ်သွားပြီ”ဟု ၎င်းကပြောသည်။ သဘောတူသည် ဖြစ်စေ၊ မတူသည်ဖြစ်စေ ဥပဒေအရ ငဲ့ညှာခွင့်မရှိ ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် အငှားကိုယ်ဝန်ဆောင်ရန်အတွက် မြန်မာအမျိုးသမီးများကို လူမှုကွန်ရက်ပေါ်တွင်ခေါ် ယူနေသည့်အကောင့်ပိုင်ရှင်များကို ဖော်ထုတ်အရေး ယူရန်လိုအပ်ကြောင်း ၎င်းကပြောသည်။
“အဲဒါကို နှစ်ခုပေါင်းပြီးတော့ လုပ်ရမယ်။ Cyber Crime Department ကလည်းပါရမယ်။ လူ ကုန်ကူးမှု တားဆီးနှိမ်နင်းရေးကလည်း ပါရမယ်။ အဲဒီနှစ်ဖွဲ့က အဲဒီအကောင့်ပိုင်ရှင်တွေကို ဖော်ထုတ် မယ်၊ ဖမ်းမယ်၊ ပြီးရင် အရေးယူရမယ်”ဟု ၎င်းကပြောသည်။

အဆိုပါဖြစ်စဉ်သည် မြန်မာအမျိုးသမီးများ၏စီးပွားရေးအခက်အခဲနှင့် အားနည်းချက်များကို အခွင့်ကောင်းယူကာ အမြတ်ထုတ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လူမှုရေး၊ စီးပွားရေးအကျပ်အတည်းတွေကို အခွင့် ကောင်းယူတာ။ အခွင့်ကောင်းယူပြီးတော့ ကလေးတစ်ယောက်မွေးရင် သိန်းဘယ်လောက်ရတယ်တို့ လူမှုရေးအရပြောရင်တော့ ဒါက အမြတ်ထုတ်တာပဲ။ ဥပဒေအရဆိုရင်လည်း လူကုန်ကူးမှုမြောက်တယ်။ ဘာကိုအခွင့်ကောင်းယူတာလဲဆိုတော့ မြန်မာနိုင်ငံမှာ ရှိတဲ့အမျိုးသမီးတွေရဲ့ ရပ်တည်ရန်ခက်ခဲတဲ့ စီးပွားရေးအကျပ်အတည်းတွေကို အခွင့်ကောင်းယူပြီးတော့ ပြစ်မှတ်ထားပြီးလုပ်တာပေါ့။ ဒါမျိုး ထိုင်းကလူတွေမှာ သွားလုပ်ရင် ထိုင်းကလူတွေဘယ်လုပ်မလဲ” ဟု ၎င်းက ပြောသည်။

မူရင်းသတင်း — NP News