Eleven Media Group

Miss Universe ပြိုင်ပွဲတွင် အစ္စရေးအလှမယ်၏ ငြိမ်းချမ်းရေးဝတ်စုံ လှောင်ပြောင်ခံရ

ယခုနှစ် Miss Universe အလှမယ်ပြိုင်ပွဲတွင် အစ္စရေးနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေသည့် အလှမယ် ဒန်နီယယ် ယာဘလွန်ကာ စင်ပေါ်တွင်ဝတ်ဆင်ခဲ့သည့် “ငြိမ်းချမ်းရေး” စာတန်းပါ ဝတ်စုံအပေါ် လှောင်ပြောင်အော်ဟစ်မှုအချို့ ထွက်ပေါ်ခဲ့သည်။

အသက် ၂၅ နှစ်အရွယ် အလှမယ်ယာဘလွန်ကာသည် ပွာတိုရီကိုနိုင်ငံ၊ ဆန်ဟွမ်မြို့တွင် နိုဝင်ဘာ ၂၁ ရက်က ကျင်းပသည့် နိုင်ငံကိုယ်စားပြု ရိုးရာဝတ်စုံ ယှဉ်ပြိုင်မှုကဏ္ဍတွင် ဂျေရုဆလင်မြို့ဟောင်းကို ပုံဖော်ထားသည့် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ပြသခဲ့စဉ် ပရိသတ်အချို့၏ လှောင်ပြောင်မှုနှင့် ကြုံခဲ့ရသည်။

အဆိုပါဝတ်စုံတွင် အင်္ဂလိပ်၊ အာရဗီနှင့် ဟီဘရူးဘာသာစကားသုံးမျိုးဖြင့် “ငြိမ်းချမ်းရေး” ဆိုသည့်စာသားကို ထည့်သွင်းထားသည့်အပြင် ချိုးငှက်များ၊ ဂျာဖာလိမ္မော်သီးများကဲ့သို့ မျှော်လင့်ချက်ကို ကိုယ်စားပြုသည့် သင်္ကေတများလည်း ပါဝင်သည်။

မိုင်ယာမီမြို့ဖွား ယာဘလွန်ကာသည် ၂၀၂၄ ခုနှစ်တွင် အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သူဖြစ်ပြီး ပရော်ဖက်ရှင်နယ် မော်ဒယ်တစ်ဦးလည်း ဖြစ်သည်။ အစ္စရေးနှင့် ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမတ်စ်တို့ကြား ပဋိပက္ခဖြစ်ပွားနေချိန် ငြိမ်းချမ်းရေးကို ဖော်ညွှန်းသည့် ဝတ်စုံကို ပြင်ဆင်လာခဲ့သဖြင့် လှောင်ပြောင်ခံရခြင်းဖြစ်သည်။

ဝတ်စုံကိစ္စကိုသာ ဝေဖန်ကြခြင်းမဟုတ် ၊ ပါလက်စတိုင်းအလှမယ် ဝင်ယှဉ်ပြိုင်ခြင်း မရှိသည့် ယခုနှစ်ပြိုင်ပွဲတွင် အစ္စရေးအလှမယ်အား ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုခဲ့သည့် Miss Universe ပြိုင်ပွဲစီစဉ်သူများကို ဝေဖန်သူများလည်း ရှိသည်။

Photo-Daily Mail

မူရင်းသတင်း — Eleven Media Group