
တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် တန်ဆောင်မုန်းလပြည့်နေ့ ဗုဒ္ဓပူဇနိယပွဲတော် မြို့လုံးကျွတ် ရိုးရာဆီမီး ပဒေသာ လှည့်လည်ပူဇော်ပွဲကို တန်ဆောင်မုန်းလပြည့် ညပိုင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
တောင်ကြီးမြို့၊ ဘော်လုံးကွင်းတွင် ညနေပိုင်း ၄ နာရီအချိန် စုရပ်ဖြစ်ကာ ညနေ ၅ နာရီအချိန်တွင် ဗိုလ်ချုပ်ပန်းခြံမှတဆင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးအတိုင်း မြောက်မှ တောင်သို့ လမ်းလျှောက်ကာ တောင်ကြီးမြို့၊ လောကချမ်းသာ စူဠာမုနိစေတီတော်သို့ သွားရောက် မီးပူဇော်ခြင်းဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့၊ တန်ဆောင်တိုင်ပွဲတော်တွင် တစ်ခုအပါအဝင်ဖြစ်သော မြို့လုံးကျွတ် ဆီမီးပဒေသာ လှည့်လည်ပူဇော်ပွဲ ရပ်ကွက်အလိုက် ပြိုင်ပွဲကို ကျင်းပပြုလုပ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လာပြီ ဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့ ရှိ ရပ်ကွက်ပေါင်း ၂၂ ရပ်ကွက်တွင် လူဦးရေပေါင်း ၈၅၀ ဦးဖြင့် မီးပဒေသာများ လှည့်လည် ယှဉ်ပြိုင်ကြခြင်းဖြစ်ကာ ယခုနှစ်တွင် ရှမ်းတိုင်းရင်းသား လူဦးရေပေါင်း ၅၀၀ ကျော်ဖြင့် ပူးပေါင်း၍ တိုင်းရင်းသား ရိုးရာဓလေ့များ ထည့်သွင်းကျင်းပထားခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ စီစဉ်ခဲ့တာပါ၊ အရင်တုန်းက ဖြစ်ပါတယ်။ မိုင်းတံး (မွန်းတိုင်း) မီးပုံးပျံမှာရယ်၊ မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲတော်နဲ့ လပြည့်ည ဆီမီးပဒေသာ လှည့်လည်ပူဇော်ပွဲတွေမှာ ရှမ်းတိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်” ဟု ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။