Voice of Myanmar

တောင်ကြီးတန်ဆောင်တိုင်ရဲ့ ခမ်းနားမှုနောက်ကွယ်က ပျောက်ဆုံးလာတဲ့ ရိုးရာတန်ဖိုးများ

နိုဝင်ဘာ ၂၄၊ ၂၀၂၆။ (ဆောင်းပါး)

NN(VOM)

ဘာသာရေးယုံကြည်မှု၊ တိုင်း ရင်းသားရိုးရာဓလေ့နဲ့ လက်မှုပညာတွေ ပေါင်းစပ်ထား တဲ့ တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဟာ မြန်မာနိုင်ငံမှာသာမက အရှေ့ တောင်အာရှဒေသမှာပါ ထင်ရှားကျော်ကြားတဲ့ ရိုးရာပွဲတော်ကြီး တစ်ခုဖြစ်ပါတယ်။

ရှေးယခင်က ပအိုဝ်းတိုင်းရင်းသားတို့ရဲ့ ရိုးရာယုံကြည်မှုအရတာဝတိံသာနတ်ပြည်က စူဠာမဏိ စေတီတော်ကို ရည်မှန်း ပူဇော်တဲ့အနေနဲ့ မီးပုံးပျံ ငယ်လေးတွေ လွှတ်တင်ပူဇော်ခဲ့ကြပါတယ်။

၁၉၄၁ ခုနှစ်မှာ ကုန်းသာကျောင်းဆရာတော် ဦးဆောင်ပြီး မီးပုံးပျံကြီးတစ်လုံး လွှတ်တင် ခဲ့ရာကနေ စတင်ခဲ့ပြီးနောက်ပိုင်း ၁၉၅၀ ပြည့်နှစ်မှာ မီးပုံးပျံပြိုင်ပွဲ တွေကို စတင်ကျင်းပ လာခဲ့တာ ဖြစ်ပါတယ်။

အရင်တုန်းက မီးပုံးပျံကြီးတွေကို ဒီနေ့ခေတ်လို ရှမ်းစက္ကူတွေနဲ့ ပြုလုပ်တာမျိုး မဟုတ်ဘဲ ပိတ်စတွေကို ချုပ်လုပ်ပြီး လွှတ်တင်ခဲ့ကြတာလို့ သမိုင်းအထောက်အထားတွေမှာ တွေ့ရ ပါတယ်။

နောက်ပိုင်းမှာ တောင်ကြီးမြို့ပေါ်က ရပ်ကွက်အသီးသီးမှာရှိတဲ့ မီးပုံးပျံ ပညာရှင်တွေ ပြိုင်ပွဲမှာ ပါဝင်လာကြပြီး မိမိတို့ရဲ့ လက်မှုပညာ၊ ဖန်တီးနိုင်စွမ်းနဲ့ အဖွဲ့လိုက်ပူး ပေါင်း ဆောင်ရွက်မှုတွေကို အပြိုင်အဆိုင် ပြသလာခဲ့ကြပါတယ်။

ဒီလိုနဲ့ တန်ဆောင်တိုင်ပွဲတော်ဟာ မြို့ခံပြည်သူတွေ စုပေါင်းပါဝင်ဆင်နွှဲတဲ့ ရိုးရာပွဲတော် ကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။

နှစ်တွေကြာလာတဲ့အမျှ မြို့ပြဖွံ့ဖြိုးတိုးတက်လာတာ၊ ပွဲလာရောက် ကြည့်ရှု သူတွေ များ ပြားလာတာနဲ့ မီးပုံးပျံအရွယ်အစားတွေ ပိုမိုကြီးမားလာတာတွေ ကြောင့် ပွဲကျင်းပတဲ့ နေရာကိုလည်း အကြိမ်ကြိမ် ပြောင်းရွှေ့ခဲ့ ရပါတယ်။

မီးပုံပျံပွဲစတင်တဲ့နှစ်တွေတုန်းက တောင်ကြီးမြို့မဈေးကြီး အနီးတစ်ဝိုက်မှာ ကျင်းပခဲ့ပြီး နောက်ပိုင်းမှာ မြန်မာ့စီးပွားရေးဘဏ်တိုက် အနီးက ကွင်းပြင်ကို ပြောင်းရွှေ့ကျင်းပခဲ့ ပါတယ်။

အဲဒီနောက် ပြိုင်ပွဲဝင်မီးပုံးပျံတွေ များပြားလာတဲ့အခါ မြို့လယ်က ပြည်နယ်အားကစားကွင်းနဲ့ ဗိုလ်ချုပ်ပန်းခြံတို့မှာ အဆင့်ဆင့်ပြောင်းရွှေ့ ကျင်းပခဲ့ကြပါတယ်။

ဒါပေမဲ့ မြို့လယ်ခေါင်မှာ မီးပုံးပျံကြီးတွေ လွှတ်တင်တာဟာ လူနေအိမ်ခြေ တွေနဲ့ နီးကပ် လွန်းတဲ့အတွက် မီးဘေးအန္တရာယ်နဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေရှိလာခဲ့ပါတယ်။

အဲဒီနောက် ၁၉၉၆ ခုနှစ်ဝန်းကျင်ကစပြီး တောင်ကြီးမြို့အရှေ့ဘက် ကျောင်းကြီးစု ရပ်ကွက်မှာရှိတဲ့ အဝေရာမီးပုံးပျံကွင်းကို ပြောင်းရွှေ့ကျင်းပလာ ခဲ့တယ်လို့ သိရပါတယ်။

တောင်ကြီးတန်ဆောင်တိုင်ပွဲရဲ့ မူလရည်ရွယ်ချက်ဟာ ဘာသာရေးဆိုင်ရာ ပူဇော်မှုနဲ့ ရိုးရာဓလေ့တွေကို ထိန်းသိမ်းဖို့ဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေရဲ့ ကြော်ငြာတွေ၊ ခေတ် ပေါ်ဖျော်ဖြေရေးအစီအစဉ်တွေက အဓိကနေရာမှာ ရှိမနေခဲ့ပါဘူး။

ဒါပေမဲ့ နှစ်ကာလတွေ ပြောင်းလဲလာတာနဲ့အမျှ ပွဲကျင်းပတဲ့ပုံစံတွေ ကျင်းပ တဲ့ နေရာ၊ ပွဲတော်ရက်နဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ သိသိသာသာ ပြောင်းလဲလာတာကို တွေ့ရပါတယ်။

အခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မှာ မီးပုံးပျံပြိုင်ပွဲတွေ ပိုမိုကြီးမား လာပေမဲ့ ရိုးရာပွဲတော်ရဲ့ မူလအနှစ်သာရ ပိုမိုမှေးမှိန်လာ တယ်လို့ ဝေဖန်ခံနေရပါတယ်။

ရိုးရာပွဲတော်တစ်ခုအဖြစ် ကျင်းပခဲ့ရာကနေ စီးပွားရေးဆန်လာမှု၊ ပွဲတော်လာ သူတွေ အတွက် အဆင်ပြေမှုနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အားနည်း ချက် တွေကိုလည်း ဝေဖန်ထောက်ပြမှုတွေ ရှိလာပါတယ်။

“မီးပုံးပျံလွှတ်မယ့်နေရာက ပတ်လည်မှာ ဘားတွေ၊ အရက်ဆိုင်တွေ၊ စား သောက်ဆိုင် တွေ ဖြစ်သွားပြီ။ လူတွေအရင်လို လွတ်လွတ်လပ်လပ် ကြည့် ဖို့ခက်သွားတာ” လို့ တောင် ကြီးမြို့ခံတချို့က ဝေဖန်ကြပါတယ်။

ပွဲတော်ဖွင့်ပွဲနေ့ကစပြီး လာရောက်တဲ့သူတွေ များလွန်းတာကြောင့် မီးပုံးပျံ ကွင်းထဲကို သွားလာရခက်ခဲတဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဝင်လမ်းတစ်လျှောက် ဆိုင် ခန်းတွေကြောင့် လူသွားလမ်းကျဉ်းမြောင်းပြီး လူအချင်းချင်း တိုးကြိတ်တာတွေ ကြောင့် မူးမေ့လဲသူ ရာဂဏန်းအထိ ရှိခဲ့တယ်လို့ တောင်ကြီးမြို့ခံတွေက ပြောပါတယ်။

တန်ဆောင်တိုင်ရုံးပိတ်ရက်တွေမှာ ပွဲလာတဲ့သူအရင်ရက်တွေထက် နှစ်ဆကျော်ပိုများ ခဲ့လို့ လူကြပ်ပိတ်လို့ မေ့မျောတဲ့သူတွေ ရာနဲ့ချီရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“လူတွေကြပ်ပိတ်တိုးပြီးတော့ အသက်ရှူကြပ်တာတွေ ဖြစ်လာတယ်။ မေ့လဲ ကုန်ကြ တာ။ အရေးပေါ်ကားတွေလည်း ဝင်ဖို့မလွယ်ဘူး။ အရင်နှစ်တွေနဲ့တောင်မတူတော့ဘူး” လို့ တောင်ကြီးမြို့ခံတယောက်က ရှင်းပြပါတယ်။

ဒီနှစ်တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၁၆ ရက်ကနေ ၂၅ ရက် အထိ ကျင်းပနေတာဖြစ်ပြီး ၂၅ ရက်နေ့မှာ ပိတ်ပွဲနဲ့ ဆုပေးပွဲအခမ်းအနားကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အခုနှစ်ပွဲတော်မှာ ညမီးကြီး ၇၁ လုံးနဲ့ စိန်နားပန် ၄၁ လုံး ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပြီး နေ့လွှတ်အရုပ်မီးပုံးပျံတွေထဲမှာ ခြေလေးချောင်းအမျိုးအစား ၁၃၈ လုံး၊ ခြေနှစ်ချောင်း အမျိုးအစား ၂၃၆ လုံးနဲ့ အခြားအရုပ်အမျိုးအစား ၇၅ လုံး ပါဝင် မှာ ဖြစ်တယ်လို့ ပွဲကျင်း ပရေးကော်မတီကနေသိရပါတယ်။

အမျိုးအစားအလိုက် စုစုပေါင်း မီးပုံးပျံ ၅၆၁ လုံးအထိ ပါဝင်ယှဉ်ပြိုင်လွှတ် တင်သွား မှာဖြစ်တဲ့အတွက် မီးပုံးပျံအရေအတွက်ဟာ ယခင်နှစ်တွေထက် မီးပုံးပျံ အလုံးရေ ၁၀၀ ကျော် ပိုမိုများပြားလာတာကို တွေ့ရပါတယ်။

မီးပုံးပျံတစ်လုံး ဖြစ်မြောက်ဖို့အတွက် အချိန်ယူပြင်ဆင်ရသလို လက်မှုပညာ၊ နည်းပညာ နဲ့ အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်တာကြောင့် မီးပုံးပျံပြိုင်ပွဲဟာ ဒေသခံတွေရဲ့ ဂုဏ်ယူဖွယ်ရာ ရိုးရာလက်မှုပညာတစ်ရပ် ဖြစ် လာခဲ့ပါတယ်။

ခေတ်စနစ်တွေ ပြောင်းလဲလာတာနဲ့အမျှ မီးပုံးပျံတစ်လုံးရဲ့ ကုန်ကျစရိတ်တွေလည်း မြင့်တက်လာပါတယ်။ ညမီးကြီးတစ်လုံးကို သိန်းရာနဲ့ချီ အကုန်ကျခံပြီး ပြင်ဆင်ရ တယ်လို့ မီးပုံပျံဝါသနာရှင်တွေက ပြောပါတယ်။

“ဆုငွေဆိုတာထက် အားလုံးရဲ့ စုပေါင်းအားနဲ့ ရိုးရာကို ထိန်းသိမ်းနိုင်တဲ့ အမှတ်တရဖြစ်ဖို့ က အဓိကပါ” လို့ မီးပုံးပျံပြိုင်ပွဲမှာ ပါဝင်သူတယောက်က ပြောပါတယ်။

တန်ဆောင်တိုင်ပွဲကို လာရောက်ကြတဲ့သူတွေ အဓိကစိတ်ဝင်စားတာက မီးပုံးပျံတွေရဲ့ အလှအပ၊ ပြိုင်ပွဲဝင်အသင်းတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ရိုးရာပွဲတော်ရဲ့ အငွေ့အသက် တွေ ဖြစ်ပါတယ်။

ပွဲတော်ကွင်းအတွင်း ပါဝင်လာကြတဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ ရိုးရာယဉ်ကျေး မှုအလှ အပတွေနဲ့ စည်းလုံးညီညွတ်မှုကို သရုပ်ဖော်ပြတဲ့ အစီအစဉ်တွေက လည်း ပွဲတော်ရဲ့ ထူးခြားတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

အရင်နှစ်တွေမှာ ပွဲကာလကို ၇ ရက်ကနေ ၈ ရက်ဝန်းကျင်သာ ကျင်းပလေ့ ရှိပေမဲ့ အခုနှစ်မှာ ပြိုင်ပွဲဝင်မီးပုံးပျံအရေအတွက် ၅၀၀ ကျော်အထိ ရှိလာတာကြောင့်ပွဲတော် ရက်ကို တိုးမြှင့်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပွဲတော်ရဲ့ ပြောင်းလဲမှုဟာ ရက်အရေအတွက်နဲ့ ပြိုင်ပွဲဝင်မီးပုံးပျံအရေ အတွက်မှာ သာ ရပ်တန့်မနေပါဘူး။ ပွဲတော်အတွင်း စီးပွားရေးလုပ်ငန်းတွေရဲ့ ပါဝင်လာမှုနဲ့ ဖျော်ဖြေ ရေးပုံစံတွေမှာလည်း သိသိသာသာ ကွာခြားလာတာကို တွေ့ရပါတယ်။

ယခင်က ရပ်ကွက်အလိုက် ရိုးရာအသင်းအဖွဲ့တွေနဲ့ ဒေသခံမီးပုံးပျံပညာရှင်တွေက အဓိက ပါဝင်ခဲ့ကြပေမဲ့ အခုနောက်ပိုင်းမှာ ကုမ္ပဏီတွေရဲ့ ကြော်ငြာမီးပုံး ပျံတွေလည်း ပါဝင်လာပါတယ်။

အရင်က မီးပုံးပျံလွှတ်တင်မှုနဲ့ ရိုးရာဖျော်ဖြေရေးတွေကို အဓိကထားခဲ့တဲ့ ပွဲတော်ဟာ ယခုအခါ မီးပုံးပျံပြိုင်ပွဲအပြင် ခေတ်ပေါ်တေးဂီတဖျော်ဖြေပွဲတွေ၊ ကြော်ငြာအစီအစဉ် တွေနဲ့ စီးပွားရေးဆိုင်ရာ လှုပ်ရှားမှုတွေပါ ပေါင်းစပ်ပါ ဝင်လာတဲ့ ပုံစံမျိုး ဖြစ်လာပါတယ်။

စတိတ်ရှိုးစင်မြင့်တွေနဲ့ ဆိုင်ခန်းတွေကနေ ထွက်ပေါ်လာတဲ့ တေးဂီတသံတွေ ဟာ မီးပုံးပျံပြိုင်ပွဲရဲ့ မူလအငွေ့အသက်ကို လွှမ်းမိုးလာတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေ ပါတယ်။

“အရင်က ကစားပွဲတို့၊ စားသောက်ဆိုင်တန်းတွေကို သီးသန့်နေရာပေးထားတာ။ မီးပုံး ပျံကွင်းနဲ့ ခပ်လှမ်းလှမ်းမှာပဲ နေရာပေးတာ။ အခုလိုမဟုတ်ဘူး။ အခုက ကိုယ်အား ပေးချင်တဲ့အဖွဲ့ ဘယ်အချိန်လာမလဲဆိုတာ စောင့်နားထောင်ရဖို့တောင် ခက်တယ်။ ဘားတွေနဲ့ စတိတ်ရှိုးတွေက ကွင်းနဲ့ကပ်နေတာ။ နည်းနည်းတော့ ခွာထားသင့်တယ်” လို့ မီးပုံးပျံပွဲကို ရောက်နေသူ တယောက်က သူ့အတွေ့အကြုံကို ရှင်းပြပါတယ်။

မီးပုံးပျံပညာရှင်အသိုင်းအဝိုင်းကြားမှာလည်း ပွဲတော်ဟာ ယခင်ကလို ရိုးရာ မီးပုံးပျံပြိုင် ပွဲတစ်ခုအဖြစ်သာ ထင်ရှားတော့တာမဟုတ်ဘဲ စတိတ်ရှိုးပွဲကြီး တခုအသွင်ပြောင်း လဲလာနေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

ပွဲလာသူတွေ များပြားလာပေမဲ့ လူအုပ်ကြီးကို ထိန်းချုပ်နိုင်ဖို့ သွားလာရေးလမ်းကြောင်း၊ ပွဲကြည့်ရှုနိုင်မယ့် နေရာတွေနဲ့ အရေးပေါ်ဝင်ထွက်လမ်းကြောင်းတွေကို စီမံထားတာမှာ အားနည်းချက်တွေ ရှိနေတယ်လို့ ဝေဖန်မှုတွေ ရှိပါတယ်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဟာ မီးပုံးပျံတွေမှာ ယမ်းမှုန့်၊ မီးကျည်နဲ့ မီးပန်းတွေ အသုံးပြုရတဲ့ ပွဲတော်ဖြစ်တာကြောင့် လုံခြုံရေးစည်းကမ်းတွေကို အထူးဂရုစိုက်ဖို့ လိုအပ် ပါတယ်။

အခုနှစ်ပွဲတော်ကာလအတွင်း မီးပုံးပျံပျက်ကျမှုနဲ့ မီးလောင်မှုဆိုင်ရာ ဖြစ်စဉ်တွေကြောင့် လည်း လုံခြုံရေးအပေါ် စိုးရိမ်မှုတွေ ရှိလာပါတယ်။

လူအုပ်ထူထပ်နေတဲ့ ပွဲကွင်းထဲမီးပုံးပျံပျက်ကျတာတွေ၊ မီးလောင် တာတွေ ဖြစ်ပွား လာနိုင်တာကြောင့် ပွဲကြည့်ပရိသတ်တွေအတွက် အန္တရာယ်ရှိတဲ့အတွက် နောင်နှစ် တွေမှာ ဒီထက်ပိုမိုဘေးကင်းအောင် ကြိုတင်စီမံသင့်တယ်လို့ မြို့ခံတွေနဲ့ ပွဲကိုလာတဲ့ သူတွေက ထောက်ပြဝေဖန်ကြပါတယ်။

တောင်ကြီးမြို့ဟာ ခရီးသွားတွေကို အားထားရတဲ့ မြို့ဖြစ်တာကြောင့် ခေတ်မီဖျော်ဖြေ ရေး အစီအစဉ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ပါဝင်လာတာကို လုံးဝပယ်ချဖို့ မလိုအပ်ပေမဲ့ ရိုးရာမီးပုံးပျံပြိုင်ပွဲရဲ့ အဓိကနေရာကို မထိခိုက်စေဖို့ စနစ်တကျ စီမံဖို့ လိုအပ်ပါတယ်။

ပွဲလာသူတွေ အသက်အန္တရာယ်ကင်းရှင်းရေးအတွက် လူအုပ်ထိန်းချုပ်တဲ့စနစ်၊ အရေးပေါ် ထွက်ပေါက်၊ မီးဘေးကာကွယ်ရေးနဲ့ အရေးပေါ်ကယ်ဆယ်ရေးအစီအစဉ်တွေကိုလည်း ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။

တန်ဆောင်တိုင်ပွဲတော်ရဲ့ အောင်မြင်မှုဟာ မီးပုံးပျံအရေအတွက် ဘယ်လောက် များလာ သလဲ၊ စတိတ်ရှိုးတွေ ဘယ်လောက်ခမ်းနားသလဲဆိုတာနဲ့ တိုင်းတာလို့ မရပါဘူး။

မူလကတည်းက တည်ရှိခဲ့တဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ဘာသာရေးအနှစ်သာရတွေကို ဘယ်လောက်အထိ ထိန်းသိမ်းထားနိုင်သလဲဆိုတာက ပိုပြီးအရေး ကြီးပါတယ်။

ဒါကြောင့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နောင်လာမယ့် မျိုးဆက် တွေအထိ လက်ဆင့်ကမ်းနိုင်ဖို့ဆိုရင် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုနဲ့ ရိုးရာအမွေ အနှစ်ထိန်းသိမ်းမှုကို မျှတစွာ ပေါင်းစပ်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

ပွဲတော်ကြီးရဲ့ အပြင်ပန်းခမ်းနားမှုထက် မူလအနှစ်သာရကို ထိန်းသိမ်းနိုင် ခြင်းကသာ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရဲ့ တကယ့်ဂုဏ်ယူဖွယ်ရာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #​​တောင်ကြီးမီးပုံးပျံပွဲ

မူရင်းသတင်း — Voice of Myanmar