Myanmar National Post

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၆ ခုနှစ်၊ တန်ဆောင်တိုင် MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ တတိယနေ့ညပိုင်းတွင် ပြည်သူသိန်းနှင့်ချီ လာရောက်ပါဝင်ဆင်နွှဲ







တာမွေ၊ နိုဝင်ဘာ  ၂၅

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၆ ခုနှစ်၊ တန်ဆောင်တိုင် MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကို နိုဝင်ဘာလ(၂၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ လေးရက်တိုင်တိုင် ကျင်းပပြုလုပ်လျက်ရှိရာ ပွဲတော်တတိယနေ့ ညပိုင်းတွင် ပြည်သူသိန်းနှင့်ချီ လာရောက်ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

အဆိုပါပွဲတော်တွင် ပြည်သူများ စိတ်အပန်းပြေစေရန် နိုင်ငံကျော်တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများ၊ တိုင်းရင်းသားရိုးရာ အကအလှများ၊ ခေတ်ပေါ်ဒီဂျေတေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်သူသိန်း နှင့်ချီ အတူလိုက်ပါသီဆို ကခုန်ခြင်းများဖြင့် ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။ ထို့အပြင် ပွဲတော်လာရောက်လည်ပတ် ကြသူပြည်သူများ အလှဓာတ်ပုံများ ရိုက်ကူးနိုင်ရန်အတွက် အလှဆင်မီးများဖြင့် ပုံဖော်အလှဆင်ပေးထားရာ ပွဲတော်လာပြည်သူများ အလှဆင်မီးများဖြင့် အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပွဲတော်လာပြည်သူများအား စတုဒီသာ ထမင်းနှင့်ဟင်းများ ကျွေးမွေးလှူဒါန်းခဲ့ကြသည်။ 

အဆိုပါပွဲတော်တွင် ပြည်သူများ မြန်မာ့ရိုးရာ ပန်းဆယ်မျိုးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိ စေရန် ပြသထားသည့် ပြခန်းခြင်း၊ နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် ပြခန်းများ အပြင် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်နှင့်ဆီများအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး လျက်ရှိရာ ပြည်သူများ တစ်ခဲနက် ကြိတ်ကြိတ်တိုး ဝယ်ယူအားပေးခဲ့ကြသည်။ ထို့အပြင် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များ၊ အလှကုန်ပစ္စည်းအရောင်းဆိုင်များနှင့် အစားအသောက်ရောင်းချသည့် ဈေးဆိုင်ခန်းများ လည်း ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး ဝယ်ယူအားပေးကြသူ ပြည်သူများဖြင့် ပွဲတော်မှာ အထူးပင် ကြိတ်ကြိတ် တိုး စည်းကားခဲ့ကြောင်းနှင့် ပွဲတော်တတိယနေ့ညတွင် မြတ်စွာဘုရားရှင်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ မီးပုံးများလွှင့်တင်ပူဇော်ခဲ့ကြသည်။

“ ဒီပွဲတော်ကျင်းပနေတာကို အွန်လိုင်းပေါ်မှတစ်ဆင့် ပြသနေတာမြင်ပြီး အရမ်းလာရောက်လည်ပတ် ချင်တာနဲ့ အလုပ်ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့အတူ လာရောက်လည်ပတ်ဖြစ်တာပါ။ ဒီပွဲတော်ကို ရောက်လာတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို စိတ်ပေါ့ပါးသွားသလို ခံစားမိပါတယ်။ ဒီပွဲတော်မှာ ဗဟုသုတရဖွယ်ရာ ပြခန်းတွေ ပြသထားတဲ့အတွက် ကိုယ်မသိသေးတဲ့အရာကိုလည်း သိရှိခွင့်ရသလို ပွဲတော်တစ်နေရာတည်းမှာ မိမိတို့အတွက် လိုအပ်တဲ့ ကုန်ပစ္စည်းတွေ၊ စားသောက်ချင်တဲ့ အစားအစာတွေကို တစ်နေရာတည်းမှာ ဝယ်ယူနိုင်တဲ့အတွက် အရမ်းကိုလည်း အဆင်ပြေမှုရှိပါတယ်။ မီးပုံးပျံလွှင်တင်တာကိုလည်း အပြင်မှာ အနီးကပ်မြင်တွေ့ခွင့်ရတဲ့အတွက် အရမ်းကို ဝမ်းသာကြည်နူးမိပါတယ် ” ဟု တောင်ဒဂုံမြို့နယ်မှ အပန်းဖြေလာရောက်လည်ပတ်သူတစ်ဦးက ပြောသည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ၂၀၂၆ ခုနှစ်၊ တန်ဆောင်တိုင် MSME ဈေးရောင်းပွဲတော်နှင့် ဂီတ ဖျော်ဖြေပွဲတော်ကို နိုငဝင်ဘာလ(၂၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ ကျင်းပလျက်ရှိပြီး နိုဝင်ဘာလ(၂၄)ရက်နေ့ ပွဲတော်နောက်ဆုံးနေ့တွင် မြတ်စွာဘုရားရှင်အား မီးပုံးလွှတ်တင်ပူဇော်ခြင်းအပြင် မီးရှူးမီးပန်းများ ပစ်ဖောက် သွားမည်ဖြစ်ကြောင်းနှင့် ပွဲတော်လာပြည်သူများ သွားလာရေး အဆင်ပြေလွယ်ကူစေရန်အတွက် YBS ယာဉ် များဖြင့် ပွဲတော်ပြီးဆုံးချိန်အထိ ပြေးဆွဲပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

#News #Myanmar

မူရင်းသတင်း — Myanmar National Post