Myanmar Digital News

ကော့သောင်းမြို့၌ (၅၄)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓပူဇနိယဘုရားပွဲတော် ကျင်းပ

ကော့သောင်း နိုဝင်ဘာ ၂၄

 

ကော့သောင်းမြို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေ့ (၅၄)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယဘုရားပွဲတော် ဒေသစာရီ လှည့်လည်ပူဇော်ပွဲကို တန်ဆောင်မုန်း လပြည့်နေ့ ညနေပိုင်းမှစ၍ စုရပ်ဖြစ်သည့် (၇)မိုင်ကျေးရွာမှ စတင်ကာ ကော့သောင်းမြို့တွင်းသို့ လှည့်လည်အပူဇော်ခံခဲ့သည်။

 

တန်ဆောင်မုန်းလဆန်းပိုင်းမှ စတင်၍ စံကျောင်းတော်ဖြစ်သည့် ကော့သောင်းမြို့ ပြည်တော်အေး သာသနာ့ဗိမာန်တော်မှ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ၊ အသင်းအဖွဲ့များ ပွင့်စဉ်အလိုက် မဲစနစ်ဖြင့် ပင့်ဆောင်ကြကာ မိမိတို့ ရပ်ကွက်/ကျေးရွာများတွင် သီတင်းနှစ်ပတ်မျှ ယာယီကိန်းဝပ် စံပယ်အပူဇော်ခံပြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ဆင်ယင်ကျင်းပကြသည်။

 

ထို့နောက် တန်ဆောင်မုန်းလပြည့်ညတွင် မင်္ဂလာစည်တော်၊ ဥပါသကာအဖွဲ့များဖြင့် ပွင့်စဉ်အလိုက် စီတန်းကာ မြို့တွင်းသို့ ဒေသစာရီ လှည့်လည်အပူဇော်ခံကြရာ ရပ်ကွက်အလိုက် ပြည်သူများက ဖူးမြော်ကြည်ညိုကြပြီး အလှူငွေများ လှူဒါန်းခြင်း၊ စတုဒိသာအကျွေးအမွေးများဖြင့် တည်ခင်းကျွေးမွေး လှူဒါန်းခြင်းများဖြင့် တစ်မြို့လုံးစည်ကားလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News