Myanmar Digital News

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော် လပြည့်နေ့ည အပြီးသတ်ယှဉ်ပြိုင်

တောင်ကြီး နိုဝင်ဘာ ၂၄

 

နိုဝင်ဘာ ၁၆ ရက်က ဖွင့်ပွဲအခမ်းအနားနှင့်အတူ ကျင်းပခဲ့သည့် တောင်ကြီးတန်‌ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်သည် ယနေ့တန်ဆောင်မုန်း လပြည့်နေ့ညတွင် အပြီးသတ်အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည်။

 

တန်ဆောင်တိုင်မီးပုံးပျံပွဲတော်၏ နောက်ဆုံးညဖြစ်သည့်အပြင် တန်ဆောင်မုန်းလပြည့်နေ့ဖြစ်၍ ရွှေပွဲလာပရိသတ်များ ပွဲတော်ကျင်းပရာ အဝေရာမီးပုံးပျံကွင်းအတွင်း လူပင်လယ်ကြီးပမာ စံချိန်တင်အထူးစည်ကားများပြားခဲ့သည်။ ပြိုင်ပွဲဝင်အသင်းများနှင့် အားပေးသူဒေသခံပရိသတ်များကလည်း ပြိုင်ပွဲပြီးဆုံးချိန် နီးကပ်လာသည်နှင့်အမျှ မည်သည့်အသင်းက ဆုတံဆိပ်ရရှိသွားနိုင်မည့်အခြေအနေအပေါ် အထူးရင်ခုန် မျှော်လင့်စောင့်စားလျက်ရှိကြသည်။

 

ယနေ့ပြိုင်ပွဲအပြီးသတ်နေ့ နေ့လွှတ်မီးပုံးပျံအရုပ်ပြိုင်ပွဲတွင် ဟင်္သာ၊ ငှက်ဘီလူး၊ အောက်ချင်း၊ ဆက်ရက်၊ ငှက်နီ၊ ကြက်ဖ၊ ကွန်ဂိုငှက်၊ ငှက်မင်းသား၊ ကြက်တူရွေး၊ ဟွန်းငါး၊ ဒေါင်းမင်းသား၊ ကတ္တဝါ၊ ခို၊ ရစ်ငှက်၊ ခေါင်းသုံးလုံးငန်း၊ ဝတ်ရည်စုပ်ငန်း၊ ဆာဖာ ကြက်တူရွေး၊ ဒေါင်း၊ တိုက်ကြက်ဖ၊ အိန္ဒိယမြင်း၊ နွားလားဥဿဖ၊ ပန်ဒါ၊ ကြံ့၊ ခြင်္သေ့၊ ဖား၊ တောင်ဆိတ်၊ မိကျောင်း၊ ကာတွန်းနဂါး၊ ရှဉ့်ငပေါ၊ ဆင်၊ ပုရွက်ဆိတ်စားဝက်သုံးကောင်၊ ဝက်ဝံသုံးကောင်၊ မြင်းကျားသုံးကောင်၊ ဘုတ်ကလုံသုံးကောင်အပါအဝင် စုစုပေါင်း သဘာဝရုပ်လုံး ၄၄ ကောင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

 

ညလွှတ်စိန်နားပန်မီးပုံးပျံပြိုင်ပွဲတွင် KBZ Group ၊ နှင်းစက်၊ ရွှေကူး၊ ဇွဲလူငယ်၊ သုံးရာသီကဖေးနှင့် ညလွှတ်ညမီးကြီးပြိုင်ပွဲတွင် ရွှေဇုန်၊ လွိုင်ခမ်း၊ A to Z၊ EFF Gas ၊ KBZ Group၊ ထက်လူ၊ မြို့စား၊ ဩခနှင့် နောင်မွန်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

 

“ဒီနေ့မီးပုံးပျံပြိုင်ပွဲ နောက်ဆုံးနေ့ဖြစ်တဲ့အတွက် အားပေးကြည့်ရှုသူ အထူးများပြားနေပါတယ်။ မနက်ဖြန်မနက်မှာ ပြိုင်ပွဲအမှတ်တွေ ပေါင်းပြီးညနေပိုင်းမှာ ဆုချီးမြှင့်သွားမှာပါ။ နေ့လွှတ်၊ ညလွှတ်ယှဉ်ပြိုင်မှုတိုးတက်လာတဲ့အတွက် ဘယ်အသင်းဆုရမယ်ဆိုတာ ဒိုင်ခြောက်ခုရဲ့ အမှတ်ရရှိမှုအပေါ်မှာ မူတည်ပါတယ်။ ဒီနေ့မနက်မှာ နေ့လွှတ်အရုပ် ၄၄ လုံးနဲ့ ညပိုင်းမှာ စိန်နားပန်ငါးလုံး၊ ညမီးကြီးကိုးလုံးပြိုင်သွားမှာပါ” ဟု မီးပုံးပျံပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်း (ပန်းချီ) က ပြောသည်။

 

၂၀၂၆ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ရိုးရာမီးပုံးပျံပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကို ညနေပိုင်းတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

 

“ရွှေဇုန်ညမီးကြီးအနေနဲ့ မီးပုံးပျံစတင်ပြိုင်တဲ့ ၂၀၂၄ ခုနှစ်မှာ ပထမဆုရခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ တတိယဆုရခဲ့ပါတယ်။ ဒီနှစ်မှာ ပထမဆုရမယ်လို့ မှန်းထားပြီး ရင်ခုန်နေပါတယ်။ အားလုံးကြိုးစားထားပြီး အားထည့်ထားပါတယ်။ ပြိုင်ပွဲမှာ စည်းကမ်းသတ်မှတ်ချက်ဝင်တဲ့ မီးပုံးပျံငါးလုံးတွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့လည်း ကြိုးစားထားတာကြောင့် ယနေ့ညပထမဆုံးလွှတ်မယ့်ပွဲမှာ ကြည့်ရအောင်ပါ” ဟု အေးသာယာစက်မှုဇုန် ရွှေဇုန်မီးပုံးပျံကြီးကြပ်သူ ဦးမင်းသော်က ပြောသည်။

 

တန်ဆောင်မုန်းလပြည့်နေ့တွင် မြစိမ်းတောင်ပေါ်ရှိ ရွှေဘုန်းပွင့်စေတီတော်၊ သစ်တောရပ်ကွက်ရှိ စူဋ္ဌာမုဏိစေတီတော်မြတ်တို့တွင် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်ခြင်း၊ မီးပဒေသာလှည့်လည်ပူဇော်ပွဲ ကျင်းပခြင်း၊ ဘုရား၊ စေတီနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် ကုသိုလ်ပြုသူတို့ဖြင့် စည်ကားများပြားခဲ့ပြီး မီးပုံးပျံပြိုင်ပွဲ ကျင်းပနေသည့် အဝေရာကုန်းသာယာကွင်းတွင်လည်း MSMEs ဆိုင်ခန်းများ၊ ရောင်းကုန်မျိုးစုံဆိုင်ခန်းများ၊ စားသောက်ဆိုင်များ၊ ချားရဟတ်များနှင့် စင်တင်တေးဂီတတို့တွင် ရောင်စုံမီးတို့ဖြင့် လပြည့်ဝန်းနှင့်အတူ လှပလျက်ရှိသည်။

 

ကိုထွေး - သစ္စာ

 

ဓာတ်ပုံ - ဇွဲမာန်

မူရင်းသတင်း — Myanmar Digital News