Myanmar Digital News

မိုးညှင်းသမ္ဗုဒ္ဓေဘုရား ဗုဒ္ဓပူဇနိယပွဲတော် အထူးစည်ကား

မုံရွာ နိုဝင်ဘာ ၂၄

 

မုံရွာမြို့နယ် ကမ္ဘာကျော် မိုးညှင်းသမ္ဗုဒ္ဓေဘုရား ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းပွဲနှင့် စျေးပွဲကို ကိုဗစ် - ၁၉ ကာလနောက်ပိုင်း ခုနစ်နှစ်အကြာတွင် ပြန်လည်ကျင်းပရာ အထူးစည်ကားခဲ့သည်။

 

ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းအမြောက်အမြားကို မုံရွာမြို့နှင့် မိုးညှင်းသမ္ဗုဒ္ဓေစေတီကြီးဝန်းကျင်ဒေသများမှ ကျေးရွာများအပြင် အဝေးမြို့ရွာများကပါ ယခုနှစ်ဘုရားပွဲ ပြန်လည်ကျင်းပသည့်အတွက် လာရောက်လောင်းလှူခဲ့ကြသည်။

 

ဆွမ်းဆန်စိမ်း လောင်းပွဲတွင် မုံရွာမြို့နှင့်ဝန်းကျင်ကျောင်းတိုက်များမှ ပင့်သံဃာအပါး ၁၂၀ ကို ဘုရားပွဲတော်လာ အလှူရှင် စေတနာရှင်များက ဆွမ်းဆန်တော်၊ ဝတ္ထုငွေ၊ ခေါက်ဆွဲခြောက်၊ ကြာဆံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ သင်္ကန်း၊ ထီး၊ ဖိနပ်၊ သပိတ် စသဖြင့်လှူဒါန်းဖွယ်ရာအစုံ လှူဒါန်းကြသည်။

 

ဆွမ်းဆန်စိမ်း လောင်းလှူပွဲအပြီးတွင် မိုးညှင်းသမ္ဗုဒ္ဓေစေတီ၊ သာသနာ့အဆောက်အအုံပုံနှင့် ဘာသာသာသနာနှင့် ဆက်စပ်သောပုံများပါဝင်သော မီးပုံးပျံကြီးကို စုပေါင်းအလှူရှင်များက လွှတ်တင်ကြသည်။

 

ကမ္ဘာကျော်မိုးညှင်းသမ္ဗုဒ္ဓေဘုရား ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် စျေးပွဲခင်းကို တန်ဆောင်မုန်းလဆန်း ၁၂ ရက်မှ ၁၅ ရက် (လပြည့်နေ့)အထိ မိုးညှင်းသမ္ဗုဒ္ဓေ ဘုရားဝင်း အပြင်ဘက်တွင် ခင်းကျင်းရောင်းချကြရာ ဘုရားပွဲ လာပြည်သူများဖြင့် အထူးစည်ကား ပျော်ရွှင်နေကြကြောင်း သိရသည်။

မျိုးဝင်းထွန်း(မုံရွာ)

မူရင်းသတင်း — Myanmar Digital News