Myanmar Digital News

တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရားစေတီများ၌ ကုသိုလ်ဒါနပြုကြသူ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိ

ရန်ကုန် နိုဝင်ဘာ ၂၄

 

ယနေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင် ဖြစ်သည့် တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့) ဖြစ်သည့် အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရားစေတီများ၌ ကုသိုလ် ဒါနပြုကြသူ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

 

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့က ကြီးမှူး ကျင်းပသည့် တန်ဆောင်မုန်း လပြည့်(သာမညဖလအခါတော် နေ့) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။

 

လှည့်လည်ပူဇော်

 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဂေါပကရုံး ဝန်ထမ်းများ၊ ဘာသာရေးအသင်း အဖွဲ့များ၊ ရွှေတိဂုံစေတီတော်မြတ် ကြီး (၃၈)ကြိမ်မြောက် မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များနှင့် ဘုရားဖူးလာပြည်သူများက ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းမှ စတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်များအား ကပ်လှူ ပူဇော်မည့် ရွှေကြာသင်္ကန်းတော်များကို ကိုင်ဆောင်ပြီး လက်ယာရစ် လှည့်လည်ပူဇော်ကြသည်။

 

ဆက်လက်၍ အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ရုပ်ပွားတော်မြတ်၊ အာရုံခံတန်ဆောင်း မုခ်လေးမုခ်ရှိ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမ ရုပ်ပွားတော်မြတ်တို့အား ရွှေကြာသင်္ကန်းများ ကပ်လှူပူဇော်ကြပြီး အခမ်းအနား အစီအစဉ်များ အတိုင်း ဆက်လက်ကျင်းပသည်။

 

ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်နှင့် ဆူးလေစေတီတော် တို့တွင် ကျင်းပသည့် မသိုးရွှေကြာ သင်္ကန်းကပ် လှူပူဇော်ပွဲကို တက်ရောက်ပြီး ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များနှင့်အတူ ရွှေကြာသင်္ကန်း ကပ်လှူပူဇော်သည်။

 

အလားတူ သင်္ဂါယနာသာသနာ့ သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေး စေတီတော်ကြီး၏ (၂၆)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ရက်လုပ် ကပ်လှူပူဇော်ခြင်း အောင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စေတီတော်၌ ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များက ဗုဒ္ဓရုပ်ပွားတော်မြတ်များအား သင်္ကန်းတော်များ ကပ်လှူပူဇော်ကြသည်။

 

ထို့ပြင် မဟာဝိဇယစေတီတော်၊ ဝရဒါဌာဓာတုစေတိယ စွယ်တော်မြတ်စေတီတော် (ရန်ကုန်)၊ မင်းဓမ္မကုန်းတော်ရှိ လောကချမ်းသာ အဘယလာဘမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ သမိုင်းဝင် မဟာဓမ္မရံသီ အိမ်တော်ရာစေတီတော်၊ ရှေးဟောင်းသမိုင်းဝင် အပရာဇိတဆံတော်ရှင်ကျိုက်ဝိုင်း စေတီတော်၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ရွှေဘုန်းပွင့် စေတီတော်နှင့် ဆုတောင်းပြည့် မယ်လမု စေတီတော်တို့တွင်လည်း ယနေ့နံနက်ပိုင်းမှ စတင်ကာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး အသင်းအဖွဲ့များက တန်ဆောင်မုန်း လပြည့် သာမညဖလအခါတော် နေ့အခမ်းအနားကို ကျင်းပကြသည်။

 

တန်ဆောင်မုန်း လပြည့် (သာမညဖလအခါတော်နေ့)တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ဘုရား စေတီများ၌ မသိုးရွှေကြာသင်္ကန်း များ ကပ်လှူပူဇော်ပွဲများ၊ သာမည ဖလအခါတော်နေ့ ပူဇော်ပွဲများ၊ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်ပွဲများနှင့် ရပ်ကွက်အလိုက်၊ လမ်းအလိုက် စုပေါင်း၍ မဟာဘုံကထိန်အလှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။

 

ထို့အပြင် တန်ဆောင်မုန်း လပြည့်နေ့တွင် ဘုရားစေတီများ၌ အလှူရှင်များက ဘုရားဖူးလာ ပြည်သူများအား စတုဒိသာများ ကျွေးမွေးကြခြင်း၊ ရုံးများ၊ ပန်းခြံများ၊ ရပ်ကွက်၊ လမ်းနှင့် လူနေအိမ်များတွင် လျှပ်စစ်ရောင်စုံ မီးအလှများ၊ ဆီမီးခွက်များ၊ ဖယောင်းတိုင် မီးများ ထွန်းညှိပူဇော်ခြင်း၊ လမ်းအလိုက် နိဗ္ဗာန်ဈေးပွဲတော်များကို အေးချမ်းပျော်ရွှင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 

သတင်းနှင့် ဓာတ်ပုံ ဇော်မင်းလတ်(MNA)

မူရင်းသတင်း — Myanmar Digital News