
ဒီအာကွန်ဂိုနိုင်ငံတွင် ပြင်းထန်သော တိုက်ပွဲများကြောင့် ဆေးရုံတစ်ရုံအတွင်း သုံးရက်ကြာ ပုန်းခိုနေရသည့် ကျန်းမာရေးဝန်ထမ်းများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တက်ဒရိုစ် အာဒါနွန် ဂေဘရီယေဆုက နိုဝင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ဒီအာကွန်ဂိုနိုင်ငံ၏ အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားနေသည့် ဗဟိုချက်ပြည်နယ်ဖြစ်သည့် အီတူရီပြည်နယ်၊ အက်ခွီမြို့ရှိ ဆေးရုံမှ WHO ဝန်ထမ်းများ၊ ဒီအာကွန်ဂို ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် အခြားဝန်ထမ်းများ ထွက်ခွာနိုင်ခဲ့ပြီဖြစ်ကြောင်း တက်ဒရိုစ်က ဆိုသည်။
ကျန်းမာရေးဝန်ထမ်းများသည် ပြင်းထန်သော ပဋိပက္ခတိုက်ပွဲများကြားတွင် အဆိုပါ ဆေးရုံ၌ သုံးရက်ကျော်ကြာ ခိုလှုံနေခဲ့ရခြင်းဖြစ်ပြီး အလွန်ခက်ခဲကြမ်းတမ်းသော အခြေအနေများအောက်မှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားလာမှုကြောင့် WHO ဝန်ထမ်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများ ပါဝင်သော အီဘိုလာတုံ့ပြန်ရေး အဖွဲ့တစ်ဖွဲ့ကို အခြေအနေများ ပြန်လည်တည်ငြိမ်လာချိန်အထိ ယာယီနေရာရွှေ့ပြောင်းထားရကြောင်း တက်ဒရိုစ်က ပြောကြားခဲ့သည်။
Ref: AFP