



(ကျန်းမာရေး) နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီးအတွင်း ရောင်းချနေသည့် ဂျင်းလက်ဖက်၊ ဟင်းခတ်အရောင်တင်မှုန့်၊ သဘာဝနနွင်းမှုန့်နှင့် ဇီးဖြူသီးယိုတို့တွင် အစားအသောက်များ၌ အသုံးပြုခွင့်မပြုထားသော ဆိုးဆေးများ ပါဝင်နေကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က စစ်ဆေးတွေ့ရှိထားသည်။
စစ်ဆေးတွေ့ရှိချက်အရ တောင်သာမြို့နယ်၊ ဘုရားကြီးဈေးရှိ “သိန်းတိုး ပဲကြော်/လက်ဖက်/စပ်ချဉ် ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်း” မှ ရောင်းချသည့် Plastic Pack ဖြင့် ထုပ်ပိုးထားသော ဂျင်းလက်ဖက်တွင် အစားအသောက်၌ အသုံးပြုခွင့်မပြုသည့် Auramine – O ဆိုးဆေး ပါဝင်နေကြောင်း သိရသည်။
ထို့ပြင် ရမည်းသင်းမြို့နယ်၊ ရွာတန်းကျေးရွာရှိ “ဦးကျော်ဝင်း + ဒေါ်ကျင်လှိုင် ကျောက်ဖူးပွဲရုံနှင့် အမှုန့်ကြိတ်လုပ်ငန်း” မှ ထုတ်လုပ်ရောင်းချသည့် “ရွှေသင်းသူ” အမှတ်တံဆိပ် ဟင်းခတ်အရောင်တင်မှုန့်တွင် Rhodamine – B ဆိုးဆေးနှင့် သဘာဝနနွင်းမှုန့်စစ်စစ်တွင် Auramine – O ဆိုးဆေးတို့ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိထားသည်။
အလားတူ မဟာအောင်မြေမြို့နယ်၊ အနှိပ်တော်ရပ်ရှိ “123” ယိုစုံလုပ်ငန်းမှ ထုတ်လုပ်သည့် Plastic Pack ဖြင့် ထုပ်ပိုးထားသော ဇီးဖြူသီးယိုတွင်လည်း အစားအသောက်၌ အသုံးပြုခွင့်မပြုသည့် Auramine – O ဆိုးဆေး ပါဝင်နေကြောင်း FDA ၏ စစ်ဆေးချက်တွင် ဖော်ပြထားသည်။
အဆိုပါထုတ်ကုန်များတွင် ထုတ်လုပ်ရက်၊ သက်တမ်းကုန်ဆုံးရက်နှင့် အခြားအချက်အလက်များကို ဖော်ပြထားခြင်းမရှိကြောင်းလည်း သိရသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အစားအသောက်များတွင် အသုံးပြုခွင့်မပြုထားသော ဆိုးဆေးများ ပါဝင်နေသည့် အစားအသောက်ထုတ်ကုန်များကို စားသုံးသူများ သတိပြုရှောင်ကြဉ်နိုင်ရန် စစ်ဆေးတွေ့ရှိချက်များကို ထုတ်ပြန်ထားခြင်းဖြစ်သည်။