
ပုလဲ (NP News) - နိုဝင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းရှိ ကျွန်းများသို့ ခရီးစဉ်များစဖွင့်ခဲ့ကြသည့် တစ်လကျော်အတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ ထောင်နှင့်ချီဝင်ရောက်ခဲ့ကြောင်း ကျွန်းပိုင်ရှင်တစ်ဦးက NP News သို့ပြောကြားချက်အရ သိရသည်။ ညောင်းဦးဖီးကျွန်း၊ ဟန်းနီးမွန်းကျွန်း၊ မြင်းခွာကျွန်း၊ ဆေးတံကျွန်း၊ အသည်း ပုံကျွန်း(ခေါ်) ကြက်မောက်ကျွန်း၊ ဖီလာကျွန်းတို့အပါအဝင် ကျွန်း အချို့သည် ပြီးခဲ့သည့် အောက်တိုဘာလလယ်ခန့်မှ စ၍ ခရီးစဉ်များစဖွင့်ခဲ့ရာ ထိုင်းနိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများနှင့် ပြည်တွင်းခရီးသွားအများအပြား လာ ရောက်လည်ပတ်ခဲ့ကြကြောင်းသိရသည်။
“အောက်တိုဘာ လလယ်လောက် စဖွင့်တာပေါ့လေ။ တောက်လျှောက်တော့ ထိုင်းဧည့်သည် တွေရော မြန်မာတွေရော အခုစလည်ပတ်နေကြပါပြီ။ ပြည်တွင်း ပြည်ပ တစ်ဝက်စီပေါ့။ ပြည်တွင်းဆိုရင် လည်း ကော့သောင်း ဒေသခံရော၊ ရန်ကုန်က ပိတ်ရက်တွေမှာ လာကြတာတွေရောရှိတယ်။ ပြည်ပကျတော့ ထိုင်းဧည့်သည်ပိုများတာပေါ့။ နိုင်ငံခြားသား လည်းပါတာပေါ့။ နိုင်ငံခြားသားဆို နိုင်ငံစုံပေါ့”ဟု ပြောသည်။
ကော့သောင်းအနီး ခရီးသွားဧည့်သည်များ လည်ပတ်နိုင်သည့် ကျွန်း(၂၀)ခန့်ရှိသော်လည်း လက်ရှိတွင် (၆)ကျွန်း ခန့်သာ ခရီးစဉ်စဖွင့်ခြင်းဖြစ် ကြောင်းသိရသည်။
“ကျွန်း (၁၀) ကျွန်းလောက်ကို လည်ပတ် လို့ရနေပါပြီ။ တချို့ကျွန်းလည်း မဖွင့်ရသေးဘူးပေါ့။ လောလော ဆယ်တော့ အဓိက ဟို Run နေတာ (၆)ကျွန်းလောက် Run။ ထပ်လည်းဖွင့်ပါဦးမယ်။ အားလုံးပေါင်း ကောင်းကောင်း လည်ပတ်လို့ရတာ ကျွန်းပေါင်း(၂၀)လောက်ရှိပါတယ်။ ပထမတုန်းကလာရ မယ့်လမ်းကြောင်းကို ကောင်းကောင်း မသိတဲ့အခါကျတော့ ကြိုကြားကြိုကြားနဲ့လာတာ။ အခုတော့ တောက်လျှောက် စိတ်ဝင်စားတယ်။ နောက် စလည်း စလာနေတယ်။ ဒီနှစ်ကိုကြည့်ရမှာပေါ့လေ”ဟု ပြောသည်။
ထိုသို့ ခရီးစဉ်စတင်ဖွင့်သည့်လပိုင်းအတွင်း အဆိုပါကျွန်းများသို့ ခရီးသွားဧည့်သည် ထောင်နှင့်ချီ လာရောက် လည်ပတ်ခဲ့ကြပြီး ပြည်ပခရီးသွားဧည့် သည်အနေဖြင့် ထိုင်းနိုင်ငံသားခရီးသွားများ အများဆုံးလာရောက် လည်ပတ် ကြကာ အခြားနိုင်ငံခြားသားများလည်း လာရောက်လည်ပတ်ကြကြောင်း သိရ သည်။
“အခုမှစဖွင့်တဲ့အခါကျတော့ ကျွန်တော် တစ်ဦးတည်းမဟုတ်ဘူးနော် အားလုံးပေါင်းလို့ရှိရင်တော့ ထောင်ကျော် ပါပြီ။ တခြားကျွန်းတွေရော အား လုံးပေါင်းရင်ကျော်နေပြီ”ဟု ပြောသည်။
ထို့ပြင် ခရီးသွားဧည့်သည်များအနေဖြင့် တစ်ဦးလျှင် Day Trip အတွက် မြန်မာငွေ ကျပ် (၅)သိန်းခန့်သုံးစွဲရပြီး ညအိပ်မည်ဆိုပါက မြန်မာငွေ ကျပ် သိန်း(၂၀)ထက်မနည်း အသုံးပြုကြသည့်အတွက် နိုင်ငံတော်အတွက် အခွန် ဘဏ္ဍာများ ပိုမိုရရှိနိုင်ကြောင်း သိရသည်။
လက်ရှိတွင် ခရီးသည် သောင်းဂဏန်းဝန်း ကျင်သာလက်ခံနိုင်ပြီး၊ သန်းနှင့်ချီ လက်ခံနိုင်ရန်အတွက် ဟိုတယ် ဇုန်များတည်ဆောက်ခြင်း၊ လေဆိပ်များ အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သင့်ကြောင်း ၎င်းက အကြံပြုပြောကြား ထားသည်။
“Invited လုပ်ဖို့အတွက်ကို နည်းနည်း လေးပြန်ထိန်းတာပေါ့။ ခရီးသွားဆိုတာ လာလို့ရှိရင် ထောင်သောင်း သန်းနဲ့ချီလာတာလေ။ ဒီလိုလာရင် Infrastructure ကနည်းတဲ့အခါ ကောင်းကောင်း ဖိတ်ခေါ်လို့ မရဘူး။ ကိုက်ညီတဲ့ Infra နဲ့ လက်ခံနိုင် တဲ့ဧည့်သည်လောက်ပဲ အကန့်အသတ်ရှိသေးတာ။ ထိုင်းတွေလို သိန်းနဲ့သန်းနဲ့ချီပြီး ဝင်လာ မယ်ဆိုရင် ဟိုတယ်ဇုန်တို့၊ လေဆိပ်တိုးချဲ့တာတို့၊ လေဆိပ်ကို ပုဂ္ဂလိကကိုအပ်ပြီးတော့မှ အမြန်လုပ်ခိုင်းတာတို့” ဟုပြောသည်။ အစိုးရနှင့်လုပ်ငန်းရှင်များပူးပေါင်း၍ ဆောင်ရွက်မည်ဆိုပါက နောက် (၂)နှစ်ခန့်တွင် ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာနိုင်ကြောင်းလည်း ၎င်းက သုံးသပ်ထားသည်။
“အစိုးရရော လုပ်ငန်းရှင်တွေရော အင်တိုက်အားတိုက်နဲ့ ဇုန်တွေဖော်ပြီးတော့မှ ပူးပေါင်းလိုက်လို့ရှိရင် အားလုံးလည်း ဒီအချိန်က စလုပ်မယ် ဆိုလို့ရှိရင် နောက်နှစ်နှစ်လောက်ဆိုရင် ဘယ်လိုပဲ ပြောပြော ထိုင်းကို မကျော်ရင် တောင် ရေခံမြေခံ ကောင်းတဲ့အတွက် ကောင်းအောင်ချဲ့နိုင်ပြီးသားပဲ” ဟုပြောသည်။ လက်ရှိတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးအတွက်လည်း လူဦးရေကန့်သတ်ခြင်း၊ စည်းကမ်းချက်များချမှတ်ခြင်းတို့ ဆောင်ရွက် ထားကြောင်း သိရသည်။
“ဒါနဲ့ပြစားနေရတာတော့ ပိုပြီးတော့ ဂရုစိုက်နေရတာတော့ Do and Don't’’ က အကုန်ရှိတာကိုး။ ရေထဲ မဆင်းခင်မှာ ပြည်တွင်းက Local Guide တွေရှိတယ်။ Do and Don't ကို သေချာ လေးပြောတယ်။ အပေါ့ တောင် မပေးသွားဘူး ရေထဲမှာ။ ရေထဲမဆင်းခင်ကို အိမ်သာမှာ သေချာလေးသွား။ Chemical နဲ့ပတ်သက်တာတွေမသုံးရဘူး။ ပြီးရင် တစ်ရက်ကို အယောက် (၅၀) ဆို (၅၀)။ (၁၀ဝ) ဆို (၁၀ဝ)။ အဲဒီလောက်ပဲလက်ခံတာ။ စနစ်တကျနဲ့ပေါ့ လေ}}ဟုပြောသည်။ ကော့သောင်းရှိကျွန်းများတွင် ခရီးသွားလုပ်ငန်းများကို ယခုထက်ပိုမိုဖော်ဆောင်နိုင် ပါက ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည့်အပြင် နိုင်ငံခြားခရီး သွားများထံမှ ဝင်ငွေအများအပြားရရှိနိုင်ကြောင်း သိရသည်။