
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်
၂၀၂၆ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲနှင့် ရိုးရာမီးပုံးပျံပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ နိုဝင်ဘာလ ၂၅ ရက်၊ ညနေပိုင်းက တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွဲတော် ပိတ်ပွဲတွင် တိုင်းရင်းသားရိုးရာအကအဖွဲ့များက တိုင်းရင်းသားရိုးရာ အကများ ကိန္နရီ၊ ကိန္နရာအကတို့ဖြင့် ကပြ ဖျော်ဖြေတင်ဆက်ပြီး အခမ်းအနားအား ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ စိုင်းလုံကျော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများက ရိုးရာမီးပုံးပျံပြိုင်ပွဲ ညမီးကြီး၊ စိန်နားပန်၊ နေ့လွှတ်အရုပ် ခြေနှစ်ချောင်း၊ ခြေလေးချောင်းနှင့် အုပ်စုပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု ရရှိသည့် အသင်းများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုးက တန်ဆောင်တိုင်ပွဲတော်အား ပိတ်သိမ်းကြောင်း ကြေညာပြီး ပိတ်ပွဲအထိမ်းအမှတ် မီးရှူးမီးပန်းများ ပစ်ဖောက်ခဲ့ကာ တေးသံရှင် စိုင်းဟိန်းကိုကိုက “ကမ္ဘောဇ မောတို့ရှမ်းဌာနေ” တေးသီချင်းသီဆို၍ အခမ်းအနား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲတွင် ညမီးကြီး ပထမဆုကို လွိုင်ခမ်းမီး၊ ဒုတိယဆုကို နဂါးပျံမီး တတိယဆုကို ရွှေဇုန်မီးတို့ကလည်းကောင်း၊ စိန်နားပန် ပထမဆုကို ဇွဲလူငယ်မီး၊ ဒုတိယဆုကို မီးအိမ်မီး တတိယဆုကို နေကြာစေ့လူငယ်မီးတို့က လည်းကောင်း အသီးသီး ရရှိခဲ့ကြောင်း သိရသည်။