Myanmar Transparency News

တံတားဦးတွင် အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် လုံခြုံရေးအဖွဲ့ဝင်များနှင့် အရပ်သားပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိပြီး ပြည်သူတစ်ဦး သေဆုံး

ရောင်ဝါ
၂၅. ၁၁. ၂၀၂၆

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရား ဥပဒေ စိုးမိုးရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေရန်၊ ဒေသခံတိုင်းရင်းသား ပြည်သူများအား ထိခိုက်သေဆုံးမှုများနှင့် ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် လမ်း/တံတားများ၊ ဈေးများ၊ ဘဏ်များ၊ လျှပ်စစ်ရုံးများ၊ အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အအုံများအား ပစ်မှတ်ထား တိုက်ခိုက် သည့် အကြမ်းဖက်လုပ်ရပ်များကို ဆင်ခြင်တုံတရားမဲ့စွာ လုပ်ဆောင်လျက်ရှိ သည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာ ၂၄ ရက် ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏မြောက်ဘက် မီတာ ၃၀ ခန့်အကွာ အများပြည်သူသွား ကားလမ်းမဘေး၌ မသင်္ကာဖွယ်ရာ ကျောပိုးအိတ် တစ်လုံး တွေ့ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ရှင်းလင်းခြင်းများဆောင်ရွက်စဉ် အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားခဲ့သော မိုင်းပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းပေါက်ကွဲ မှုကြောင့် တံတားဦးမြို့နေ ဦးသက်ဆွေငြိမ်း ၄၅ နှစ်၊ (ဘ) ဦးမာကြည်၊ ဦးအေးမောင် ၃၅ နှစ်၊ (ဘ) ဦးသန်းထွန်းမင်း၊ ဦးသိန်းဆွေ ၅၇ နှစ်၊ (ဘ) ဦးလှအောင်၊ ဦးအောင်ကိုမြတ် ၄၈ နှစ်၊ (ဘ) ဦးဆန်းအောင်၊ ဦးစောသန်း ၇၁ နှစ်၊ (ဘ) ဦးမြခင်၊ တို့တွင် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြရာ အဆိုပါ ထိခိုက်ဒဏ်ရာ ရရှိသူများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက တံတားဦးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ဦးသိန်းဆွေ ၅၇ နှစ်၊ (ဘ) ဦးလှအောင် သည် ဆေးရုံ၌ ဆေးကုသမှုခံယူစဉ် ရရှိဒဏ်ရာများဖြင့်သေဆုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အများပြည်သူ သွားလာနေသည့် လမ်းများပေါ်တွင် လက်လုပ်မိုင်းမျိုးစုံထောင်ခြင်း၊ အဝေးမှမိုင်းဆွဲ တိုက်ခိုက်ခြင်းများ ကို ဆင်ခြင်တုံတရားကင်းမဲ့စွာ လုပ်ဆောင်လျက်ရှိသဖြင့် အပြစ်မဲ့ပြည်သူများ ထိခိုက်၊ သေဆုံး၊ ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လျက်ရှိသည်။ သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်အား မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့်လုံခြုံရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုကဲ့သို့ လူမဆန်သည့် လုပ်ရပ် များကို ယုတ်မာစွာကျူးလွန်ခဲ့သည့် အကြမ်းဖက်သောင်းကျန်းသူများအား ဖော်ထုတ် ဖမ်းဆီးရမိရေး တာဝန်သိဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မူရင်းသတင်း — Myanmar Transparency News