Voice of Myanmar

မြန်မာပြည်အထက်ပိုင်းက အရာတော်နဲ့ တွင်းငယ်မှာ စစ်ရေးအခြေအနေ တင်းမာနေ

နိုဝင်ဘာ ၂၅ – ၂၀၂၆

SN (VOM)

မြန်မာပြည်အထက်ပိုင်း ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ မနေ့ နိုဝင်ဘာ ၂၄ ရက်၊ မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရမှုတွေ ရှိနေသလို မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာမှာ မနေ့မနက် ၁၁ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တာလို့ သိရပြီး သုံးယောက် သေဆုံးကာ ခုနစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“စက်တပ်လေထီးနဲ့ လေကြောင်းတိုက်ခိုက်ခံရတာ။ အိမ်ပေါ်တည့်တည့်ကျလို့ လူတွေထိကုန်တာ။ အဲဒီတိုက်ခိုက်မှုလည်း ဖြစ်ပြီးရော ဒေသခံတွေတော်တော်များများ ရွာထဲမနေရဲကြတော့ဘူး။ ဘေးလွတ်ရာ ရှောင်ကုန်ကြပြီ” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။

အခု နိုဝင်ဘာလ စတုတ္ထပတ်အတွင်း စစ်ကိုင်းတိုင်းဒေသရှိ မုံရွာ၊ အရာတော်နဲ့ ဘုတလင်မြို့နယ်တို့မှာ အစိုးရတပ်ရဲ့ ‌မြေပြင်ရှင်းလင်းရေး လုပ်ဆောင်မှုတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် စစ်ရေးအခြေအနေ အထူး တင်းမာနေပြီး ဒေသခံသောင်းနဲ့ချီ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သူက ပြောပါတယ်။

ဒါအပြင် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်နဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာကြားရှိ မိုးမိတ် – တွင်းငယ် လမ်းပိုင်းတလျှောက်မှာလည်း အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်က မိုးမိတ် – တွင်းငယ်လမ်းပေါ်ရှိ အစိုးရတပ်ရဲ့ အရေးပါတဲ့ ကင်းချောင်းတပ်စခန်းအပါအဝင် စခန်းတချို့ကို လက်နက်ကိုင် ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် အစိုးရတပ်ဘက်က စစ်ကူနဲ့ လေကြောင်းပစ်ကူတွေ အသုံးပြုကာ တန်ပြန် ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

“တိုက်ပွဲတွေက ရက်ဆက်ဖြစ်နေတာ။ လက်နက်ကြီးသံတွေရော လေယာဉ်သံတွေရော မစဲဘူး။ မိုးမိတ်ဘက်ကနေ မန္တလေးဘက်ဆင်းတဲ့ လမ်းပိုင်းကြီးဖြစ်တော့ နှစ်ဖက်စလုံးက အပြင်းအထန် တိုက်နေကြတာ။ ရွာသားတွေကတော့ ဘေးလွတ်ရာ တောတောင်တွေထဲနဲ့ နီးစပ်ရာရွာတွေဆီ အကုန်ရှောင်နေရပြီ” လို့ ဒေသခံတယောက်က ပြောပါတယ်။

မိုးမိတ် – တွင်းငယ်လမ်းပိုင်းဟာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသနဲ့ မန္တလေးတိုင်းမှတဆင့် အညာဒေသအထိ အဓိက ဆက်သွယ်ပေးထားတဲ့ လမ်းကြောင်းကြီးဖြစ်ပြီး မန္တလေးမြို့မှ မိုးမိတ်၊ မဘိမ်းနဲ့ ကချင်ပြည်နယ်ဘက်ကို ကုန်စည်တွေ သယ်ယူပို့ဆောင်ရာမှာ အသုံးပြုရတဲ့ အဓိက ကုန်သွယ်ရေးနဲ့ ထောက်ပို့လမ်းမကြီး ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ အစိုးရတပ်က မိုးမိတ်မြို့နယ်၊ ဘော်ဒေကျေးရွာဘက်မှာ ခံစစ်ပြင်နေသလို တွင်းငယ်ရွာအခြေစိုက် တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃) ကိုလည်း လေကြောင်းမှတဆင့် စစ်ကူတွေ ဖြည့်တင်းနေတယ်လို့ သိရပါတယ်။

Photo – CJ

မူရင်းသတင်း — Voice of Myanmar