သက်တံ့
၂၅. ၁၁. ၂၀၂၆
အမေရိကန်ပြည်ထောင်စု၊ မစ္စစ္စပီကမ်းလွန် မက္ကဆီကိုပင်လယ်ကွေ့အတွင်းသို့ အသေးစားလေယာဉ်တစ်စင်း ယမန်နေ့မွန်းလွဲပိုင်းက ပျက်ကျခဲ့ရာ ကလေးငယ် ၂ ဦး အပါအဝင် လူ ၆ ဦး သေဆုံးခဲ့ပြီး နာရီပေါင်းများစွာကြာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးနောက် ကယ်ဆယ်ရေးအဖွဲ့များက လေယာဉ်အပျက်အစီးများအတွင်းမှ ၎င်းတို့၏ ရုပ်အလောင်းများကို ပြန်လည်ဆယ်ယူနိုင်ခဲ့သည်။
အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ လူကြီး ၄ ဦးနှင့် အသက် ၈ နှစ်နှင့် ၁၀ နှစ်အရွယ် ယောက်ျားလေး ၂ ဦးတို့ လိုက်ပါလာသည့် Cessna 210 အမျိုးအစား လေယာဉ်သည် မစ္စစ္စပီပြည်နယ်နှင့် ပင်လယ်ကွေ့ကျွန်းစုများ အမျိုးသားကမ်းခြေဥယျာဉ် (Gulf Islands National Seashore) ၏ အစိတ်အပိုင်းဖြစ်သော ဟွန်းကျွန်း (Horn Island) ကြားရှိ ရေပြင်ထဲသို့ ပျက်ကျသွားခဲ့ခြင်း ဖြစ်သည်။
ရေငုပ်သမားများသည် လေယာဉ်အပျက်အစီးနေရာကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် လေယာဉ်ကိုယ်ထည်အတွင်းမှ ခရီးသည် ၆ ဦးစလုံး၏ ရုပ်အလောင်းများကို ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဟွမ်ရို့စ် (Juan Ros) က ပြောကြားခဲ့သည်။
အဆိုပါလေယာဉ်သည် နယူးအော်လင်း (New Orleans) မြို့မှ ဖလော်ရီဒါပြည်နယ်၊ ဖို့တ်မိုင်ယာ (Fort Myers) မြို့သို့ ပျံသန်းနေစဉ် လေကြောင်းထိန်းသိမ်းရေးမျှော်စင်နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။
ဒေသဆိုင်ရာ လေကြောင်းထိန်းသိမ်းရေးမျှော်စင်က နိုဝင်ဘာ ၂၄ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်တွင် အဆိုပါလေယာဉ်နှင့် ဆက်သွယ်မှု ပြတ်တောက်သွားကြောင်း သတင်းပေးပို့ခဲ့ပြီးနောက် အကြီးအကျယ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ကြသည်။

ကယ်ဆယ်ရေးအဖွဲ့များသည် ကနဦးတွင် ရေပေါ်၌ မျောပါနေသည့် အသက်ကယ်အင်္ကျီ ၃ ထည်၊ အသက်ကယ်ဖောင်တစ်ခုနှင့် လေယာဉ်အတွင်းခန်း အစိတ်အပိုင်းအချို့ကိုသာ တွေ့ရှိခဲ့သည်။ နာရီပေါင်းများစွာ ရှာဖွေပြီးနောက် ရေငုပ်သမားများသည် ရေအောက်သို့ နစ်မြုပ်နေသည့် လေယာဉ်ကိုယ်ထည်ကို ရှာဖွေတွေ့ရှိခဲ့ပြီး လေယာဉ်ပေါ်ပါသူများ၏ ရုပ်အလောင်းများကို ဆယ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ကမ်းခြေစောင့်တပ်ဖွဲ့ မိုဘိုင်းကဏ္ဍ (Coast Guard Sector Mobile) ၏ ရှာဖွေကယ်ဆယ်ရေးမစ်ရှင် ညှိနှိုင်းရေးမှူး တပ်မှူး ထရေဗာ ဘလောင့် (Trevor Blount) က ယခုဖြစ်ရပ်မှာ ကြေကွဲဖွယ်ရာ ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဒါဟာ ကျွန်တော်တို့ ဘယ်သူမှ မျှော်လင့်ထားတဲ့ ရလဒ်မျိုး မဟုတ်ပေမယ့် လေယာဉ်ပေါ်ပါသူတွေကို အမြန်ဆုံး ရှာဖွေနိုင်ဖို့နဲ့ မိသားစုဝင်တွေ သောကငြိမ်းအေးစေဖို့အတွက် ဌာနပေါင်းစုံက အားကောင်းကောင်းနဲ့ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြတဲ့အပေါ် ကျေးဇူးတင်မိပါတယ်” ဟု ဘလောင့်က ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
ဖက်ဒရယ်လေကြောင်းဦးစီးဌာန (FAA) နှင့် အမျိုးသားပို့ဆောင်ရေးဘေးကင်းလုံခြုံမှုဘုတ်အဖွဲ့ (NTSB) တို့က ယခုလေယာဉ်ပျက်ကျမှုကို သိရှိထားပြီးဖြစ်ကြောင်း အတည်ပြုခဲ့ကာ NTSB အနေဖြင့် မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းအခြေအနေများကို စုံစမ်းစစ်ဆေးသွားမည် ဖြစ်သည်။
ယခုဝမ်းနည်းဖွယ်ဖြစ်ရပ်သည် ဖလော်ရီဒါပြည်နယ်တောင်ပိုင်းတွင် Learjet 60 စီးပွားရေးသုံးဂျက်လေယာဉ်တစ်စင်း မြေပြင်သို့ ဦးစိုက်ထိုးဆင်းပျက်ကျကာ လေယာဉ်ပေါ်ပါသူ ၉ ဦးစလုံး သေဆုံးခဲ့သည့် ဖြစ်ရပ်အပြီး သီတင်းပတ်အနည်းငယ်အကြာတွင် ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ကားမောင်းနှင်သူများ ရိုက်ကူးထားသည့် ဗီဒီယိုမှတ်တမ်းအရ အဆိုပါလေယာဉ်သည် မြေပြင်သို့ ထိုးဆင်းပျက်ကျပြီးနောက် မီးလုံးကြီးအဖြစ် ပေါက်ကွဲလောင်ကျွမ်းသွားခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။
Ref: India Today