NP News

ICJ မဲခွဲဆုံးဖြတ်မှုအပေါ် လိုက်နာရန်မသင့်သည်များကို လိုက်နာဆောင်ရွက်သွားမည်မဟုတ်ဟု သမ္မတပြော

သန့်ဇင် (NP News) - နိုဝင်ဘာ ၂၅

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ မဲခွဲဆုံးဖြတ်မှုအပေါ် လိုက်နာရန်မသင့်သည်များကို လိုက်နာဆောင်ရွက်သွားမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတက ယနေ့(နိုဝင်ဘာ ၂၅ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ နိုင်ငံ့အခြေအနေများနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွပ်စွဲတင်သွင်းခဲ့သည့် အမှုတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က စီရင်ချက်ချမှတ်ခဲ့သည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။
ယင်းကိစ္စသည် မိမိတို့နိုင်ငံအပေါ် တစ်ဖက်သတ်စွပ်စွဲချက်တစ်ခုပင်ဖြစ်ပြီး အဆိုပါအမှုကို တင်သွင်းခဲ့သည်မှ ခုနစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် တရားရုံး၏လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်မှုများကို အချက်အလက်ခိုင်မာစွာဖြင့် ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

လူမျိုးသုဉ်းစေမှု (Genocide) ဟူသည့် အသုံးအနှုန်းအနေဖြင့် နိုင်ငံ၏ဂုဏ်သိက္ခာကို များစွာထိခိုက်စေကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် တရားရုံးသို့ စာဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း လျှောက်လဲချက်များတင်သွင်းရာတွင် သက်ဆိုင်ရာအချက်အလက်များ၊ မှတ်တမ်းများနှင့်သက်သေအထောက်အထားများကို ပြည့်ပြည့်စုံစုံ တင်ပြခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

မိမိအနေဖြင့် လက်ရှိအချိန်တွင် နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်သဖြင့် နိုင်ငံတော်တွင် ဖြစ်ပျက်နေသည့်ကိစ္စရပ်ဟူသမျှသည် မိမိ၌အဓိကတာဝန်ရှိသည်ဟု ခံယူထားပြီး နိုင်ငံတော်အား ထိပါးလာသည့်ကိစ္စရပ်မှန်သမျှကို လက်ခံမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၏ မဲခွဲဆုံးဖြတ်မှုများနှင့်ပတ်သက်၍လည်း တာဝန်သိနိုင်ငံတစ်ခုအနေဖြင့် လုပ်ဆောင်ရန်သင့်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ပြီး လိုက်နာရန်မသင့်သည်များကို လိုက်နာဆောင်ရွက်သွားမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

မူရင်းသတင်း — NP News