NP News

နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း တစ်ခုထက်ပိုမိုကိုင်ဆောင်ထားပါက ဒီဇင်ဘာလကုန်နောက်ဆုံးထား၍ ပယ်ဖျက်ရမည်

ထိုက်စံ (NP News) - နိုဝင်ဘာ ၂၅

နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းတစ်ခုထက် ပိုမိုကိုင်ဆောင်ထားပါက ဒီဇင်ဘာလကုန်နောက်ဆုံးထား၍ ပယ်ဖျက်ရမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆) တစ်ခုထက်ပိုမိုကိုင်ဆောင်ထားပါက သက်ဆိုင်ရာမြို့နယ် လဝကရုံးသို့ပြန်လည်အပ်နှံရန် မိဘပြည်သူများသိရှိဆောင်ရွက်နိုင်ရေးအတွက် ရုပ်မြင်သံကြားနှင့် နိုင်ငံပိုင်သတင်းစာများတွင် မကြာခဏ အသိပေးကြေညာခဲ့ပြီးဖြစ်ကြောင်း သိရသည်။

e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြု ကတ်တစ်မျိုးမျိုးကိုင်ဆောင်သူ (၅၂) သန်းကျော်အား e-ID Server တွင် စာရင်းသွင်းပြီးဖြစ်ရာ ယခု အချိန်အထိ နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခုထက် ပိုမိုကိုင်ဆောင်သူများ၊ အိမ်ထောင်စုလူဦးရေ စာရင်းတစ်နေရာမက ပါဝင်နေသူများ ရှိနေဆဲဖြစ်သည်ကို စိစစ်တွေ့ရှိရကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် သက်ဆိုင်ရာမြို့နယ်လဝကရုံးသို့ ကိုယ်တိုင်သွားရောက်၍ ပယ်ဖျက်လိုသည့် နိုင်ငံသား/ ဧည့်နိုင်ငံသား/ နိုင်ငံသားပြုခွင့် စိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းများအား လာမည့် (ဒီဇင်ဘာ ၃၁ ရက်) နောက်ဆုံးထား၍ ညှိနှိုင်းပယ်ဖျက် ဆောင်ရွက်ကြရန် အသိပေးထုတ်ပြန်ထားသည်။

ဒီဇင်ဘာလကုန်အထိ ဆောင်ရွက်ခြင်းမရှိသည့် နိုင်ငံသား/ ဧည့်နိုင်ငံသား/ နိုင်ငံသားပြုခွင့် စိစစ်ရေးကတ်၊ အိမ်ထောင်စုလူဦးရေစာရင်း တစ်ခုထက်ပိုမို ကိုင်ဆောင်သူများအား နောက်ဆုံးထုတ်ယူခဲ့သော နိုင်/ ဧည့်/ ပြု ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းကိုသာ အတည်ပြု၍ ယခင်ကိုင်ဆောင်ခဲ့သည့် နိုင်/ ဧည့်/ ပြု ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း အပိုများအား ပယ်ဖျက်စာရင်းသွင်းခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မူရင်းသတင်း — NP News