
(ပြည်တွင်း) နိုဝင်ဘာ ၂၅
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံအကြား လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ အမှုကို နိုဝင်ဘာ ၁၉ ရက်တွင် အပြီးသတ်စီရင်ချက်ချမှတ်ခဲ့မှုအပေါ် ဒီမိုကရက်တစ်ပါတီက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။
ဒီမိုကရက်တစ်ပါတီ ဌာနချုပ်၏ သဘောထားထုတ်ပြန်ချက်တွင် ICJ ၏ ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နိုင်ငံဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ရှုမြင်ကြောင်း ဖော်ပြထားသည်။
ထုတ်ပြန်ချက်တွင် ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း ARSA ဘင်္ဂါလီအကြမ်းဖက်အဖွဲ့က နယ်ခြားစောင့်ရဲစခန်း ၃၀ ကျော်ကို တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်အပေါ် တပ်မတော်က နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် အကြမ်းဖက်နှိမ်နင်းရေး စစ်ဆင်ရေးဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း ပါတီက ဖော်ပြထားသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးသာရှိပြီး ရိုဟင်ဂျာလူမျိုးဟူ၍ မရှိခဲ့ကြောင်း ပါတီ၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ICJ ၏ အဆိုပါစီရင်ချက်ကို တရားသူကြီးများ၏ ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၆ မဲဖြင့် ချမှတ်ခဲ့ခြင်းဖြစ်သည်။ တရားရုံး၏ စီရင်ချက်တွင် မြန်မာနိုင်ငံက ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးကာလအတွင်း ရိုဟင်ဂျာအုပ်စုအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ထားပြီး စုံစမ်းစစ်ဆေးခြင်း၊ တာဝန်ရှိသူများကို အရေးယူခြင်း၊ နေရပ်ပြန်လည်နေထိုင်နိုင်ရေးနှင့် နစ်နာမှုအတွက် လျော်ကြေးပေးရေးဆိုင်ရာ အမိန့်များလည်း ပါဝင်သည်။
ယင်းဆုံးဖြတ်ချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နိုဝင်ဘာ ၂၀ ရက်တွင် သဘောထားထုတ်ပြန်ခဲ့ပြီး စီရင်ချက်အပေါ် စိတ်ပျက်မိကြောင်းနှင့် တရားသူကြီးအချို့၏ သဘောထားကွဲလွဲချက်များရှိကြောင်း ဖော်ပြခဲ့သည်။
ဒီမိုကရက်တစ်ပါတီအနေဖြင့် ICJ ၏ ယခုဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများ၏ အချုပ်အခြာအာဏာ၊ ဂုဏ်သိက္ခာကို ထိပါးစော်ကားခြင်းဖြစ်သည်ဟု ရှုမြင်ပြီး ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တွင် အဆုံးသတ်ဖော်ပြထားသည်။