
ထိုက်စံ (NP News) - နိုဝင်ဘာ ၂၅
ပြည်ကြီးတံခွန်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ် နှင့် စစ်ကိုင်းမြို့တွင် ကွင်းဆက်ဖော်ထုတ်ချက်များအရ ငွေကျပ်(၅)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး တာဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် (အောက်တိုဘာ ၂၈ ရက်) က သတင်းအရ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်နေ မနှင်းနှင်းဦး(ခ)ဂျပန်မ ၏ နေအိမ်မှ ဘိန်းဖြူ (၂ ဒသမ ၂) ကီလို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ အောက်တိုဘာလ(၂၉) ရက်က ပုသိမ်ကြီးမြို့နယ်၊ နားဋောင်းကျရွာနေ မိုးထက်အောင်(ခ)မိုးထက်အား ဘိန်းဖြူ( ၂ ဒသမ ၂) ကီလို၊ NISSAN TIIDA ယာဉ်တစ်စီးနှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့တွင် အမရပူရမြို့နယ်၌ အေးချို အား ဘိန်းဖြူ (၂၂)ကီလို၊ ဆိုင်ကယ်တစ်စီးတို့နှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် စောကဲဘလူးမူး နှင့် မဖြူဖြူဝင်းတို့အား ကလေးမြို့၌လည်းကောင်း၊ မအိအိကျော်(ခ)အိကျော်နှင့် ထက်ပိုင်မှူး(ခ)ထက်ပိုင်အား ပြည်ကြီးတံခွန်မြို့နယ်၌ လည်းကောင်း၊ အောင်ခိုင်စိုး(ခ)သားထူးအား ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂)ရှိ ဟိုတယ်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဖမ်းဆီးရမိသူ မိုးထက်အောင်(ခ)မိုးထက်၏ ဖော်ထုတ်ချက်အရ နိုဝင်ဘာလ (၃) ရက်က ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်တွင် နောင်နောင်အား စိတ်ကြွဆေးပြား (၁) သိန်း၊ သုံးဘီးယာဉ် တစ် စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ နိုဝင်ဘာလ (၄)ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်၌ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် ရာဇာလင်း နှင့် ဆုအောင်အားလည်းကောင်း၊ ထင်ကျော်(ခ)ကျော်ကြီးအား ဆိုင်ကယ် တစ်စီးနှင့်လည်းကောင်း၊ နိုဝင်ဘာလ (၆) ရက်၌ ကျော်ဇင်ထွေးအား ချမ်းမြသာစည်မြို့နယ်၌ ဆိုင်ကယ် တစ်စီးနှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင် သိရသည်။
ထို့နောက် ၎င်းတို့၏ဖော်ထုတ်ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြည်သူလူထုနှင့်ပူးပေါင်း၍ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရွာအနီးတွင် ကျော်ဇင်ထွေးမှ ကလေးသို့ပို့ဆောင်ရန် သိုဝှက်သိမ်းဆည်းထားသည့် စိတ်ကြွဆေးပြား (၁၈ ဒသမ ၅) သိန်းအား ထပ်မံသိမ်းဆည်းရမိခဲ့ပြီး နိုဝင်ဘာလ (၈) ရက်နေ့တွင် ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများ သယ်ဆောင်ခိုင်းသူ အောင်အောင်(ခ)ဘကြီးအောင် အား ကလေးမြို့၊ အောင်မြေမာန်ရပ်ကွက်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် သတင်းကွင်းဆက်အရ နိုဝင်ဘာလ (၁၇) ရက် ညနေ (၄) နာရီခွဲအချိန် အထက်ပါပူးပေါင်းအဖွဲ့သည် အမရပူရမြို့နယ်၊ ရှားတောလေးရွာအနီး၌ လှိုင်နေထွန်း နှင့် ထွန်းမင်းလတ် တို့ (၂) ဦးအား CANTER ယာဉ်ပေါ်မှ ဘိန်းဖြူ (၂၂) ကီလို နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်စစ်ဆေးချက်အရ ယင်းနေ့တွင် ဖမ်းဆီးရမိဘိန်းဖြူများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် မဦးမြာ နှင့် ဝဏ္ဏထွန်းတို့ (၂)ဦးအား အောင်မြေသာစံမြို့နယ်၌လည်းကောင်း၊ မစန်းစန်းအေးနှင့် စောလှထူးတို့အား ပြည်ကြီးတံခွန်မြို့နယ်၌လည်းကောင်း၊ ဖမ်းဆီးရမိ ဘိန်းဖြူများပို့ဆောင်ခိုင်းသူ သားချိုဝင်း(ခ)ကိုသားကြီး(ခ)ကိုသား အား ဇေယျာသီရိမြို့နယ်၌ TOYOTA KLUGER ယာဉ် တစ် စီးနှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် ဖမ်းဆီးမှုဖြစ်စဉ်တွင် ငွေကျပ် (၅ ဒသမ ၃၂၄) ဘီလျံ တန်ဖိုးရှိ စိတ်ကြွဆေးပြား (၁၉ ဒသမ ၅) သိန်းနှင့် ဘိန်းဖြူ (၄၈ ဒသမ ၄) ကီလိုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား သယ်ဆောင်ခိုင်းသူမှာ တမူးမြို့နေ ဖမ်းဆီးရန်ကျန်ရှိသည့် လားရီအဲ(ခ)သားကြီး(ခ)အဲငါဖြစ်ပြီး မန္တလေးမှ ကလေးသို့ သယ်ဆောင်ရောင်းဝယ်ခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးရမိဘိန်းဖြူများအား ရောင်းချရန်ပို့ဆောင်ခိုင်းသူမှာ ဖယ်ခုံမြို့နယ်နေ ဖမ်းဆီးရန်ကျန်ရှိသည့် တင်ဝင်း(ခ)ကံဦး ဖြစ်ပြီး ၎င်း၏စီမံမှုဖြင့် ဖယ်ခုံမြို့နယ်နေ မိုးကျော်(ခ)မိုးအောင်မှ ပင်လောင်းမှ မန္တလေးသို့ သယ်ဆောင်ရောင်းချခြင်းဖြစ်ကာ မန္တလေးမှတစ်ဆင့် ကလေးသို့ ဆက်လက်သယ်ဆောင်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျူးလွန်သူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ သတင်းရယူ ဖော်ထုတ်ဖမ်းဆီးမှုအပေါ် ပြည်သူလူထုမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့်ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။