Kanbawza Tai News

တောင်ကြီး အနောက်မြို့ပတ်လမ်းတွင် တွဲကားနှင့် ဆိုင်ကယ် တိုက်မိ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ ရေတွင်းမှတ်တိုင်လမ်းဆုံ နေရာတွင် ယနေ့ နိုဝင်ဘာလ ၂၅ ရက်၊ ည ၁၀ နာရီကျော်က တွဲကားနှင့် ဆိုင်ကယ်တစ်စီး မျက်နှာချင်းဆိုင် တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

DONFENG အမျိုးအစား အဖြူရောင် တွဲယာဉ်တစ်စီးသည် အနောက်မြို့ပတ်လမ်းအတိုင်း တောင်မှ မြောက်သို့ မောင်းနှင်လာစဉ် ချမ်းမြသာစည်ရပ်ကွက်၊ ရေတွင်းမှတ်တိုင် လမ်းဆုံ အရောက်တွင် မျက်နှာချင်းဆိုင်မှ လူငယ် ၂ ဦး စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်နှင့် ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ရှေ့မှ မောင်းနှင်လာသူ လူငယ်အမျိုးသားတွင် ဦးခေါင်းကွဲ၊ ဦးနှောက်ထွက်ကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး နောက်မှ လိုက်ပါစီးနင်းလာသူ လူငယ် အမျိုးသားတွင် ထိခိုက်ဒဏ်ရာများ ရရှိထား ကြောင်း တွေ့ရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် မိနစ် ၂၀ ခန့်အကြာတွင် ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦး မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး မှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်သည်ကို တွေ့မြင်ရပြီး နာရီဝက်ကျော်ကြာမြင့်သည်အထိ အရေးပေါ် လူနာတင်ယာဉ် ရောက်ရှိလာခြင်း မရှိသေးသည်ကို တွေ့ရသည်။

“ဘယ်သူမှားတယ်၊ မှန်တယ်တော့ မသိသေးဘူးပေါ့။ အဲဒါက နောက်မှ ရှင်းလို့ရတယ်။ လောလောဆယ် မသေသေးတဲ့ ကလေးကို ဆေးရုံပို့ဖို့ရာ လူနာတင်ကား တစ်စီးမှ ရောက်မလာဘူး။ ယာဉ်ထိန်းကလည်း သူလုပ်ပေးလို့ မရဘူးပြောတယ်” ဟု ဖြစ်စဉ်အား မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

သေဆုံး/ဒဏ်ရာရလူနာများမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးချေ။

မူရင်းသတင်း — Kanbawza Tai News