
■ ICJ မဲခွဲဆုံးဖြတ်မှုအပေါ် တာဝန်သိနိုင်ငံတစ်ခုအနေဖြင့် လုပ်ဆောင်ရန်သင့်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ပြီး လိုက်နာရန် မသင့်သည်များကို လိုက်နာဆောင်ရွက်မည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတပြောကြား
■ အာဆီယံ၏ပဋိညာဉ်အတိုင်း လေးစားလိုက်နာမည်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအပေါ် ဆက်လက်ဆက်ဆံဆောင်ရွက်သွားမည်ဟုဆို
ICJ မဲခွဲဆုံးဖြတ်မှုအပေါ် တာဝန်သိနိုင်ငံတစ်ခုအနေဖြင့် လုပ်ဆောင်ရန်သင့်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ပြီး လိုက်နာရန်မသင့်သည်များကို လိုက်နာဆောင်ရွက်မည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြောကြားသည်။
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို နိုဝင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားစဉ် ယင်းသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိနိုင်ငံ့အခြေအနေများနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွပ်စွဲတင်သွင်းခဲ့သည့် အမှုတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က စီရင်ချက်ချမှတ်ခဲ့သည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ ယင်းကိစ္စသည် မိမိတို့နိုင်ငံအပေါ် တစ်ဖက်သတ်စွပ်စွဲချက်တစ်ခုပင်ဖြစ်ပြီး အဆိုပါအမှုကို တင်သွင်းခဲ့သည်မှ ခုနစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် တရားရုံး၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်မှုများကို အချက်အလက်ခိုင်မာစွာဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ လူမျိုးသုဉ်းစေမှု (Genocide) ဟူသည့် အသုံးအနှုန်းအနေဖြင့် နိုင်ငံ၏ဂုဏ်သိက္ခာကို များစွာထိခိုက်စေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရားရုံးသို့ စာဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း လျှောက်လဲချက်များတင်သွင်းရာတွင် သက်ဆိုင်ရာအချက်အလက်များ၊ မှတ်တမ်းများနှင့် သက်သေအထောက်အထားများကို ပြည့်ပြည့်စုံစုံ တင်ပြခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
မိမိအနေဖြင့် လက်ရှိအချိန်တွင် နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်သဖြင့် နိုင်ငံတော်တွင် ဖြစ်ပျက်နေသည့် ကိစ္စရပ်ဟူသမျှသည် မိမိ၌အဓိကတာဝန်ရှိသည်ဟု ခံယူထားပြီး နိုင်ငံတော်အား ထိပါးလာသည့် ကိစ္စရပ်မှန်သမျှကို လက်ခံမည်မဟုတ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၏ မဲခွဲဆုံးဖြတ်မှုများနှင့်ပတ်သက်၍လည်း တာဝန်သိနိုင်ငံတစ်ခုအနေဖြင့် လုပ်ဆောင်ရန်သင့်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ပြီး လိုက်နာရန်မသင့်သည်များကို လိုက်နာဆောင်ရွက်သွားမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားသည်။
ယင်းအပြင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ ပဋိညာဉ်အတိုင်း လေးစားလိုက်နာသွားမည်ဖြစ်ကြောင်း၊ အာဆီယံနှင့်ပတ်သက်၍လည်း မိမိအနေဖြင့် လွှတ်တော်၌ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားထားပြီးဖြစ်ကြောင်း၊ အာဆီယံပဋိညာဉ်များနှင့်မူဝါဒများကို အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များက လက်မှတ်ရေးထိုးသဘောတူထားခြင်းဖြစ်ပြီး ယင်းပဋိညာဉ်များနှင့် မူဝါဒများ အသက်ဝင်နေပြီး ပျက်ပြယ်မှုမရှိသရွေ့ ယင်းအပေါ်တွင် အခြေခံ၍သာ လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
မိမိတို့အနေဖြင့် နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သဖြင့်လည်း အာဆီယံ၏ပဋိညာဉ်အတိုင်း အဖွဲ့ဝင်နိုင်ငံများအပေါ် ဆက်လက်ဆက်ဆံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်ကို လေးစားလိုက်နာကြရန်လိုပြီး အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် တည်ဆဲဥပဒေများကိုလည်း လေးစားကြရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်သည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြကြောင်း သိရသည်။