Myanmar Digital News

မြစ်ကြီးနားမြို့၌ တန်ဆောင်တိုင်ပွဲတော်နှင့် Myitkyina Night Market ဖွင့်လှစ်

မြစ်ကြီးနား နိုဝင်ဘာ ၂၅

 

၂၀၂၆ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ကကြီးမှူး၍ မြစ်ကြီးနားမြို့ လောကမာန်အောင် ဆုတောင်းပြည့် စေတီတော်ဆိပ်ကမ်း ဧရာဝတီမြစ်ကမ်းဘေး၌ တန်ဆောင်တိုင်ပွဲတော်နှင့် Myitkyina Night Market ဖွင့်ပွဲကို ယမန်နေ့ ညနေပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 

ဦးစွာ တန်ဆောင်တိုင်ပွဲတော်ဆိုင်းဘုတ်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ စည်ပင် သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ဆက်လက်၍ Myitkyina Night Market အတွင်း ဒေသရိုးရာ အစားအသောက်များ ရောင်းချသည့် စားသောက်ဆိုင်များ၊ ကလေး ကစားကွင်းများနှင့် မြန်မာ့ရိုးရာ အစားအစာရောင်းချသည့် ဆိုင်ငယ်များ ဖွင့်လှစ်ရောင်းနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

 

ထို့ပြင် ပွဲတော်အတွင်း ပျော်ရွှင်စွာ လာရောက်လည်ပတ်သူများအား ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များက မြန်မာ့ရိုးရာအစားအစာမုန့်များကို စတုဒိသာအဖြစ် ဧည့်ခံကျွေးမွေးမှု၊ စင်တင်တေးဂီတ အစီ အစဉ်ဖြင့် မလိခ Music Band ၏ ဖျော်ဖြေတင်ဆက်မှု၊ တိုင်းရင်းသူ လေးများ၏ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ပွဲတော်လာ ပရိတ်သတ်များအတူ ကြည့်ရှုအားပေးကြသည်။

 

ညနေ ၆ နာရီတွင် ဧရာဝတီမြစ်အတွင်း ရှင်ဥပဂုတ္တမထေရ်မြတ်ကြီး ဖောင်တော်အား ဆီမီး ၂၀၀၀၀ ထွန်းညှိ၍ ရေမျှောပူဇော်ကြပြီး ကမ်းနားကွင်းပြင်၌ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့်အတူ မီးပုံးပျံ ၅၀၀ ကို လွှတ်တင်ပူဇော်ကြသည်။

 

ဆက်လက်၍ တပ်ရင်း/ တပ်ဖွဲ့ မိသားစုများ၏ နိဗ္ဗာန်ဈေး‌ရောင်းပွဲတော်နှင့် အမှတ်(၄) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ၏ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြပြီး မီးပုံးပျံများကို တစ်ပျော်တစ်ပါး လွှတ်တင်ပေးကြသည်။

 

အဆိုပါ မြစ်ကြီးနား တန်ဆောင်ပွဲတော်တွင် ကမ်းနား Night Market တွင် လာရောက် လည်ပတ်သူများ၊ စင်တင်တေးဂီတ အစီအစဉ်ဖြင့် နိုင်ငံကျော်အဆိုတော် နောနော်၏ သီဆိုဖျော်ဖြေမှု၊ တိုင်းရင်းသားရိုးရာ အကအလှများ၊ ခေတ်ပေါ်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုတို့ဖြင့် အထူးစည်ကားလျက်ရှိသည့်အပြင် မြို့ပေါ်ရှိ ရှေးဟောင်း သမိုင်းဝင် စေတီပုထိုးများတွင်လည်း ဆီမီးထွန်းညှိပူဇော်မှုများ၊ ပြည်သူ့ရင်ပြင်တွင် လည်ပတ်သူများဖြင့် အေးချမ်းပျော်ရွှင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News