Kanbawza Tai News

ကလောမြို့လုံးကျွတ် တန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံအလှပဒေသာပြိုင်ပွဲ ကျင်းပ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့၊ မြို့လုံးကျွတ် မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံအလှပဒေသာ ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ နိုဝင်ဘာလ ၂၅ ရက်၊ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲတွင် ကလောမြို့၊ ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံ ထွန်းညှိပူဇော်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုးက အဖွင့်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပြီး မီးပုံးပျံငယ်များ၊ မီးရှူး၊ မီးပန်းများ ပစ်လွှတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး တိုင်းရင်းသားရိုးရာ အကအလှအဖွဲ့များက တေးသီချင်းများဖြင့် ကပြ ဖျော်ဖြေပြီး ပြိုင်ပွဲဝင်မီးရှော်တိုင် အဖွဲ့များက မီးရှော်တိုင်များ ထွန်းညှိပူဇော်ခဲ့ကြကြောင်း သိရသည်။

မီးရှော်တိုင်ပြိုင်ပွဲကို တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက် (နိုဝင်ဘာ ၂၅ ရက်) မှ တန်ဆောင်မုန်း လပြည့်ကျော် ၅ ရက် (နိုဝင်ဘာ ၂၉ ရက်အထိ) ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆုပေးပွဲနှင့် ပိတ်ပွဲကို တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက် (နိုဝင်ဘာ ၃၀ ရက်) တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News