
အထည်ချုပ်လုပ်ငန်း၌ ဒေါ်လာသန်းရာချီဆုံးရှုံးစေခဲ့သောတစ်ခါတစ်ရံ ပြင်းထန်တတ်သည့် ဆန္ဒပြပွဲများ သီတင်းပတ်ချီဖြစ်ပွားခဲ့ပြီးနောက် နိုဝင်ဘာ ၂၅ ရက်တွင် ဘင်္ဂလားဒေ့ရှ်အထည်ချုပ် လုပ်သားများသည် အနိမ့်ဆုံးလုပ်ခ ၃၆ ရာခိုင်နှုန်းတိုးလာပြီဟု တာဝန်ရှိသူများက ပြောကြားသည်။
တရုတ်နိုင်ငံပြီးလျှင် ကမ္ဘာ့ဒုတိယအများဆုံး အဝတ်အထည်တင်ပို့ရာနိုင်ငံဖြစ်သော တောင်အာရှနိုင်ငံ ဘင်္ဂလားဒေ့ရှ်သည် လစာတိုးပေးရန် တောင်းဆိုသော အလုပ်သမားများ၏ ဆန္ဒပြပွဲများ အောက်တိုဘာကတည်းက
ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့သည်။
ဥရောပနှင့် မြောက်အမေရိကတို့ရှိ ဖောက်သည်များအတွက် အဝတ်အစားများ ချုပ်ပေးသော လုပ်ငန်းသည် ဘင်္ဂလားဒေ့ရှ်စီးပွားရေး၏အသက်သွေးကြောဖြစ်ပြီး ပို့ကုန်ဝင်ငွေ ငါးပုံလေးပုံရှိသော လုပ်ငန်းဖြစ်ကာ လူလေးသန်းကျော်ကို အလုပ်ပေးထားသည်။
စက်ရုံပိုင်ရှင်များနှင့် အချိန်ကြာကြာ ဆွေးနွေးခဲ့ပြီးနောက် အလုပ်သမားကိုယ်စားလှယ်များက ဝန်ထမ်းများ စက်ရုံသို့ ပြန်သွားကြရန် တိုက်တွန်းခဲ့သည်။
"ကျွန်တော်တို့ကတော့ လုံးလုံး ကျေနပ်တာတော့မဟုတ်ပေမဲ့ ရလဒ်ဟာ အဆိုးကြီးလည်းမဟုတ်ပါဘူး"ဟု လုပ်ခလစာပြဿနာအကျပ်အတည်းကို ဖြေရှင်းရန် ဖွဲ့စည်းခဲ့သော လုပ်ခဘုတ်အဖွဲ့ထဲက အလုပ်သမားများ၏ကိုယ်စားလှယ် အဘူအက်ကတာက သတင်းထောက်များကို ပြောကြားခဲ့သည်။
"အရင်တုန်းကဆိုရင် အလုပ်သမားတွေဟာ ငါးနှစ်တိုင်း လုပ်ခတိုးကြပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူတို့ဟာ သုံးနှစ်အကြာမှာ လုပ်ခတိုးတာဖြစ်ပါတယ်"ဟု သူက ပြောကြားခဲ့သည်။
လုပ်ခတိုးခြင်းသည် တောင်းဆိုထားသောပမာဏမဟုတ်သော်လည်း ကမ်းလှမ်းချက်ကို မိမိတို့ လက်ခံခဲ့သည်ဟု အထည်ချုပ်သမဂ္ဂတစ်ခုမှ တာဝန်ရှိသူ ကမ်ရူးလ်ဟာဆန်က ပြောသည်။
အလုပ်သမားများသည် အလတ်စားစက်ရုံများနှင့် အသေးစားစက်ရုံများ၏အခြေအနေများကို စဉ်းစားသင့်သည်ဟု သူက ပြောကြားခဲ့ပြီး ထိုစက်ရုံငယ်များသည် များများမပေးနိုင်သောကြောင့် နောက်ဆုံးတွင် ပိတ်ရသည်အထိဖြစ်သွားလိမ့်မည်ဟု ကမ်ရူးလ်ဟာဆန်က ဆိုသည်။
Ref:AFP