Myanmar Digital News

မြဝတီမြို့ ရွှေမြင်းဝန်စေတီတော်မြတ်ကြီး၌ ပထမအကြိမ် ဆီမီး ၁၁၀၀၀ ပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

မြဝတီ နိုဝင်ဘာ ၂၅

 

ကရင်ပြည်နယ် မြဝတီမြို့တွင် ​ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ YMBA အသင်းနှင့် ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကျင်းပသော ပထမအကြိမ် ဆီမီး ၁၁၀၀၀ ပူဇော်ပွဲ တန်ဆောင်တိုင်ပွဲတော်ကို ယမန်နေ့က မြဝတီမြို့ ကျက်သရေဆောင် ဆံတော်ရှင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

ဦးစွာ ရွှေမြင်းဝန်ဆံတော်ရှင် စေတီတော်ပရိဝုဏ်အတွင်းရှိ အရှေ့၊ အနောက်၊ တောင်၊ မြောက် မုခ်ဦးပတ်လည် ရင်ပြင်တော်တွင် မင်္ဂလာဆီမီး ၁၁၀၀၀ ကို ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေး၊ မြဝတီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ချင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကရင်ပြည်နယ် သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ YMBA အသင်းမှ တာဝန်ရှိသူများ၊ ဘာသာရေး၊ လူမှုရေးအသင်းမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဘုရားဖူးလာပြည်သူများက ထွန်းညှိပူဇော်ခဲ့ကြသည်။

 

ထို့နောက် မီးပုံးပျံများ​လွှတ်တင်ခြင်းကို ဆောင်ရွက်ခဲ့ကြပြီး ဧည့်ပရိတ်သတ်များ၊ ဘုရားဖူးလာပြည်သူများအား စတုဒိသာဖြင့် တည်ခင်းဧည့်ခံခဲ့ခြင်းဖြင့် ဧည့်ပရိတ်သတ်များက နိဗ္ဗာန်စျေးပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News