
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်
မြောက်ကိုရီးယားနိုင်ငံဟာ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေကို စစ်ဆင်ရေးနယ်ပယ် အမျိုးမျိုးမှာ အသုံးပြုနိုင်ဖို့ ဖြန့်ကျက်သွားမှာဖြစ်သလို နျူကလီးယားလက်နက် ထုတ်လုပ်နိုင်စွမ်း ကိုလည်း စနစ်တကျ တိုးချဲ့ နေတယ်လို့ ခေါင်းဆောင် ကင်မ်ဂျုံအွန်းက ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာန KCNA က နိုဝင်ဘာ ၂၆ ရက်မှာ ဖော်ပြပါတယ်။
ကင်မ်ဟာ နိုဝင်ဘာ ၂၅ ရက်က နျူကလီးယားပစ္စည်းထုတ်လုပ်ရေးနဲ့ လက်နက်သုတေသနစက်ရုံတွေကို သွားရောက် စစ်ဆေးစဉ် အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံ အဆင့် အတန်းဟာ လုံးဝပြောင်းလဲလို့မရကြောင်းနဲ့ အဲဒီအဆင့်အတန်းကို ငြင်းပယ်ဖို့ ကြိုးစားတာဟာ စစ်ကြေညာတာနဲ့ အတူတူပဲလို့လည်း သတိပေးခဲ့ပါတယ်။
နျူကလီးယားလက်နက်ထုတ်လုပ်ရေးမှာ မကြာသေးခင်က ရရှိခဲ့တဲ့ တိုးတက်မှုတွေဟာ နိုင်ငံရဲ့ နျူကလီးယား မူဝါဒ အတွက် အရေးပါတဲ့ အောင်မြင်မှုဖြစ်တယ်လို့ ကင်မ်က ပြောပါတယ်။ KCNA ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာလည်း ကင်မ် နဲ့ တာဝန်ရှိသူတွေဟာ ယူရေနီယံသန့်စင်ရာမှာ အသုံးပြုတဲ့ ဓာတ်ငွေ့ဗဟိုခွာစက်တွေနဲ့ Hwasan- 31 လို့ခေါ်တဲ့ နည်းဗျူဟာမြောက် နျူကလီးယားထိပ်ဖူးတွေနဲ့ ဆင်တူတဲ့ ပစ္စည်းတွေကို စစ်ဆေးနေတာ တွေ့ရပါတယ်။
ကင်မ်က မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်တိုးချဲ့မှုဟာ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေရဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေကြောင့်ဖြစ်တယ်လို့ အကြောင်းပြခဲ့ပါတယ်။ အမေရိကန်ဟာ AUKUS သဘောတူညီချက်က တစ်ဆင့် နျူကလီးယားပြန့်ပွားမှုအတွက် အန္တရာယ်ရှိတဲ့ စံနမူနာတစ်ခု ဖန်တီးခဲ့ ပြီး အရှေ့မြောက်အာရှမှာလည်း နျူကလီးယားစစ်ရေးမဟာမိတ်စနစ် တည်ဆောက်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
တောင်ကိုရီးယားဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ခွင့်ပြုချက်ရပြီးနောက် နျူကလီးယား စွမ်းအင်သုံး ရေငုပ် သင်္ဘောတွေ တည်ဆောက်ဖို့ ကြိုးပမ်းနေသလို ဂျပန်နိုင်ငံမှာလည်း အဲဒီကိစ္စကို ဆွေးနွေးနေကြပါတယ်။
တောင်ကိုရီးယား ကျွမ်းကျင်သူတချို့ကတော့ ကင်မ်ရဲ့ ပြောဆိုချက်ဟာ အမေရိကန်နဲ့ ဆွေးနွေးရေး တံခါးကို အပြီး ပိတ်လိုက်တာမဟုတ်ဘဲ အနာဂတ်မှာ ဆွေးနွေးမှုတွေ ပြန်စတင်လာရင် မြောက်ကိုရီးယားကို နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုတဲ့ အခြေအနေကနေသာ ဆွေးနွေးလိုကြောင်း ပြသတာဖြစ်နိုင်တယ် လို့ သုံးသပ်ကြပါတယ်။
မြောက်ကိုရီးယားဟာ ၂၀၀၆ ခုနှစ်ကစပြီး နျူကလီးယားစမ်းသပ်မှု ၆ ကြိမ် ပြုလုပ်ခဲ့ပြီး နောက်ဆုံးနဲ့ အင်အားအပြင်း ဆုံး စမ်းသပ်မှုကို ၂၀၁၇ ခုနှစ်မှာ ပြုလုပ်ခဲ့ပါတယ်။ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးရဲ့ ပြောကြားချက်အရ မြောက်ကိုရီးယားမှာ နျူကလီးယားထိပ်ဖူး ၈၀ ကနေ ၁၂၀ ကြား ပိုင်ဆိုင်ထားနိုင်တယ်လို့ ခန့်မှန်းထားပေမဲ့ အဲဒီ အရေအတွက်ကို တရားဝင် အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
Ref – Reuters