
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်
နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း တစ်ခုထက် ပိုမိုကိုင်ဆောင်ထားသူများအနေဖြင့် လာမည့် ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထား၍ သက်ဆိုင်ရာ လဝကရုံးများသို့ သွားရောက်၍ ပယ်ဖျက်ကြရန် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်တွင် ထုတ်ပြန် အသိပေးထားသည်။
လဝက ဝန်ကြီးဌာန အနေဖြင့် e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြုကတ် တစ်မျိုးမျိုး ကိုင်ဆောင်သူပေါင်း ၅၂ သန်းကျော်ကို e-ID Server တွင် စာရင်းသွင်းထားပြီးဖြစ်ကာ ထိုသို့ စာရင်းသွင်း စိစစ်ရာတွင် နိုင်ငံသားစိစစ်ရေးကတ် တစ်ခုထက် ပိုမိုကိုင်ဆောင် ထားသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း တစ်နေရာထက်မက ပါဝင်နေသူများ ရှိနေကြောင်း တွေ့ရှိခဲ့ရသည်ဟု သိရသည်။
ထို့ကြောင့် ဒီဇင်ဘာလ ၃၁ ရက်အထိ လာရောက်ဆောင်ရွက်ခြင်းမရှိပါက နောက်ဆုံးထုတ်ယူခဲ့သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ကတ်နှင့် အိမ်ထောင်စုစာ၇င်းကိုသာ အတည်ပြုမည်ဖြစ်ကြောင်း လဝက၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
ထို့အပြင် ယခင်ကိုင်ဆောင်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း အပိုများကို ဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းနှင့်အညီ ပယ်ဖျက်စာရင်းသွင်းသွားမည်ဖြစ်ကြောင်း သိရသည်။