
စဉ့်ကိုင် ၊ နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ပြည်သူ့လွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များနှင့် တောင်သူ လယ်သမားကိုယ်စားလှယ်များ တွေ့ဆုံပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီက ရန်အောင်မြင်ရပ်ကွက်၊ မြသီတာပန်းခြံအတွင်းရှိ မြို့နယ်ခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်တောင်သူလယ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဦးမြတ်ကျော်နှင့်အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေး ဦးကျော်ကျော်လင်းနှင့်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ စုစုပေါင်းအင်အား ၃၄၅ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။အခမ်းအနားတွင် ပြည်သူ့လွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီဥက္ကဋ္ဌ ကန့်ဘလူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ကော်မတီအတွင်းရေးမှူး၊ လယ်ဝေးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဌေးနှင့်ကော်မတီအဖွဲ့ဝင်၊ စဉ့်ကိုင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်တို့က မိတ်ဆက်အမှာစကားပြောကြားခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းမှုအဖွဲ့ဝင်များက ပြန်လည်မိတ်ဆက်ခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် တောင်သူလယ်သမား ကိုယ်စားလှယ်များက လယ်ယာကဏ္ဍနှင့်စပ်လျဉ်း၍ လိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်ချက်များ၊ အခြားသိရှိလိုသည်များအား မေးမြန်းတင်ပြမှုအပေါ် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများက ကဏ္ဍအလိုက် ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ပြန်လည်ရှင်းလင်းတင်ပြခဲ့ပြီး ပြည်သူ့လွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်စကား ပြောကြားခဲ့သည်။ ၎င်းနောက် NILAR မြေသြဇာကုမ္ပဏီမှ တက်ရောက်လာကြသည့် တောင်သူများအား သဘာဝမြေသြဇာနှင့် ရွက်ဖြန်းမြေသြဇာများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)
https://t.me/MyanmarNationalPost