Myanmar Digital News

ပါကစ္စတန်နိုင်ငံ၌ အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်မည့် ကတိကဝတ်အပေါ် ထပ်လောင်းအတည်ပြု

အစ္စလာမ်မာဘတ်   နိုဝင်ဘာ   ၂၅

ပါကစ္စတန်နိုင်ငံရှိ  အမျိုးသမီးများ၏   အခွင့်အရေးအား ကာကွယ်စောင့်ရှောက်မည်ဖြစ်ပြီး အမျိုးသမီးများအား နည်းလမ်းပေါင်းစုံဖြင့် အကြမ်းဖက်မှုများကို နှိမ်နင်းတိုက်ဖျက်မည်ဖြစ်ကြောင်း အစိုးရ၏ ကတိကဝတ်ကို ဝန်ကြီးချုပ် ရှာဗတ်ရှာရစ်က  နိုဝင်ဘာ ၂၅ ရက်တွင် ထပ်လောင်းအတည်ပြု ခဲ့ကြောင်း သိရသည်။

ပါကစ္စတန်အစိုးရအနေဖြင့် အမျိုးသမီးများ၏ ဂုဏ်သိက္ခာ၊ ဂုဏ်အသရေနှင့် တန်းတူညီမျှသောအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် ကတိကဝတ်ပြုထားကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ၎င်းက ထည့်သွင်းဖော်ပြခဲ့သည်။

ကျား/မ အခြေပြု အကြမ်းဖက်မှု တိုက်ဖျက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုသည် နိုဝင်ဘာ ၂၅ ရက်တွင် စတင်ခဲ့ပြီး ဒီဇင်ဘာ  ၁၀ ရက်အထိ  ဆက်လက်ရှိနေမည်ဖြစ်ကြောင်းနှင့် အမျိုးသမီးများကို အကြမ်းဖက်မှုများမှ ကာကွယ်ရန်အတွက် စုပေါင်းကြိုးပမ်းဆောင်ရွက်ကြရန် ၎င်းက တိုက်တွန်းခဲ့သည်။ လုပ်ငန်းခွင်အတွင်း နှောင့်ယှက်စော်ကားမှုများ၊ ရာဇဝတ်မှုများနှင့် အိမ်တွင်းအကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတွင် ပြဋ္ဌာန်းထားသည့် ဥပဒေများကို၎င်းက မီးမောင်းထိုးပြခဲ့ပြီး  အဆိုပါဥပဒေများကို ထိရောက်စွာအကောင်အထည်ဖော်ရန်၊ အကြမ်းဖက်ခံရသူများအတွက် ပိုမိုအားကောင်းသော ပံ့ပိုးကူညီ ဝန်ဆောင်မှုများပေးအပ်ရန်နှင့် အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရန် ၎င်းက ပြောကြားခဲ့သည်။

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News