
(မှုခင်း) နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၃၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပါဝင်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ထပ်မံဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း CCDAC MYANMAR ၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုဝင်ဘာ ၂၄ ရက် ည ၇ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်အနီး၌ မော်တော်ယာဉ်များကို စစ်ဆေးရှာဖွေခဲ့သည်။
ထိုသို့ စစ်ဆေးစဉ် သီပေါမြို့မှ နောင်ချိုမြို့ဘက်သို့ စိုင်းစွမ်ခေး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၃၀,၀၀၀၊ ဒေသကာလတန်ဖိုး ကျပ်သိန်း ၁၅၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ဆက်လက်စစ်ဆေးဖော်ထုတ်ရာ နိုဝင်ဘာ ၂၅ ရက် နံနက် ၉ နာရီတွင် အဆိုပါမူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ မရွှေကြည်(ခ)နန်းလောင်ကို နောင်ချိုမြို့နယ်၊ တဲတိုက်ကျေးရွာရှိ ၎င်း၏နေအိမ်အတွင်းမှ လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ စိုင်းစွမ်ခေး (၂၇) နှစ်နှင့် မရွှေကြည်(ခ)နန်းလောင် (၄၈) နှစ်တို့ကို နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ဆက်စပ်ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR က ထုတ်ပြန်ထားသည်။