
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ အရွဲကျေးရွာအုပ်စု၊ အရွဲကျေးရွာ၊ ရန်ကုန်-ပုသိမ်ကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားရာမှ (၁) ဦးသေဆုံးကာ (၈) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (နိုဝင်ဘာ ၂၆ရက်)၊ နံနက် (၃) နာရီ (၁၅) မိနစ်ခန့်က ရန်ကုန်-ပုသိမ်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၉/၇) နှင့် (၂၀/၀) ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ညောင်တုန်းမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသော DAIHATSU HIJETအမျိုးအစားယာဉ်သည် လမ်းဘေးတွင်ရပ်ထားသော HINO အမျိုးအစား (၂၂) ဘီးယာဉ်ကို နောက်မှ ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် DAIHATSU HIJET ယာဉ်ပေါ်ပါ အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၆) ဦး စုစုပေါင်း (၉) ဦးအနက် အမျိုးသား (၁) ဦး သေဆုံးခဲ့ကာ ကျန် (၈) ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို လူငယ်ရိပ်မွန်လူမှုကူညီရေးအသင်းနှင့် မြတ်သုခလူမှုကူညီရေးအသင်းတို့မှ ညောင်တုန်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။