Positive Angle News

ရွှေမော်ဓောဘုရားပွဲခင်းတွင် ခါးပိုက်နှိုက်ဖုန်းများဟု စစ်ဆေးတွေ့ရှိသည့် မိုဘိုင်းဖုန်း ၃ လုံးနှင့်အတူ အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိ

(မှုခင်း) နိုဝင်ဘာ ၂၆

ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရားပွဲခင်းအတွင်း ခါးပိုက်နှိုက်မှုများ မဖြစ်ပွားစေရေး အသွင်ယူစုံစမ်းနေသည့်အဖွဲ့က နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် မသင်္ကာဖွယ်အမျိုးသမီးတစ်ဦးကို ဖမ်းဆီးစစ်ဆေးရာ မိုဘိုင်းဖုန်းသုံးလုံးနှင့် ခိုးယူမှုတွင် အသုံးပြုနိုင်သည့် ပစ္စည်းများ ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါအမျိုးသမီးကို နံနက် ၉ နာရီခွဲခန့်တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီး အနောက်ဘက်မုခ်အနီးရှိ ကမ္ဘာသစ်လက်ဖက်ရည်ဆိုင်ရှေ့၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူမှာ ရန်ကုန်တိုင်းဒေသကြီး၊ ပုလဲသင်္ဃန်းကျွန်းကြီးမြို့နယ်၊ ကျူးကျော်ရပ်ကွက်၊ အပိုင်း (၃)၊ သပြေလမ်းနေ အသက် ၄၀ နှစ်အရွယ် မအိအိဇင်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းလွယ်ထားသည့် အညိုရောင်သားရေအိတ်အတွင်းမှ Redmi အမျိုးအစား မိုဘိုင်းဖုန်းသုံးလုံး၊ ကတ်ကြေးအသေးနှစ်ခု၊ ခဲတံချွန်ခေါက်ဓားအသေးနှစ်ချောင်းနှင့် ဘလိတ်ဓားအသေးလေးချောင်းတို့ကို ရှာဖွေတွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် ပစ္စည်းများအတွက် ပိုင်ဆိုင်မှုအထောက်အထား မပြသနိုင်ခဲ့သည့်အပြင် မိုဘိုင်းဖုန်းများမှာ ဘုရားပွဲခင်းအတွင်း ခါးပိုက်နှိုက်ယူထားသည့် ဖုန်းများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွှေမော်ဓောဘုရားပွဲခင်းအတွင်း ခါးပိုက်နှိုက်မှုများကို တားဆီးနိုင်ရန် အသွင်ယူစုံစမ်းစစ်ဆေးနေစဉ် မသင်္ကာဖွယ်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မအိအိဇင်အား ဥပဒေအရ ဆက်လက်စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Positive Angle News