NP News

ရန်ကုန်တွင် တရားမဝင်နိုင်ငံခြားငွေ ရောင်းဝယ်သူ (၄) ဦးကို ဖမ်းဆီးရမိ

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့အတွင်း တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်သူ (၄) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ (၂၁) ရက်မှ (၂၄) ရက်အထိ (၄) ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းပဲတန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် နိုင်ငံခြားငွေ ရောင်းဝယ်နေကြောင်း သတင်းရရှိသဖြင့် သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ဆူးလေကုန်းကျော်လူကူးတံတားအနီးတွင် ရာဂျား (ခ) အောင်ချိုထွန်းထံမှ အမေရိကန်ဒေါ်လာ (၃၅၅၀)၊ တရုတ်ယွမ် (၅၆၀၀)၊ မလေးရှားရင်းဂစ် (၅၂၀၀)နှင့် မြန်မာကျပ်ငွေ (၁၀၂၀၀၀၀၀) တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ အနော်ရထာလမ်းမတွင် မိုဟာမတ်ယူနုစ် (ခ) မောင်မောင်လွင်ထံမှ အမေရိကန်ဒေါ်လာ (၁၅၅၀၀)နှင့် မြန်မာကျပ်ငွေ (၈၅၀၀၀၀) တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၉) မိုင်၊ ဦးမောင်မောင်စိုးလမ်းရှိ နေအိမ်တစ်ခုမှ ကျော်စွာနှင့် မနှင်းပွင့်တို့ထံမှ အမေရိကန်ဒေါ်လာ (၂၂၀၀၀၀)၊ ထိုင်းဘတ် (၅၅၀၀၀၀)၊ တရုတ်ယွမ် (၃၇၀၀၀၀)နှင့် မြန်မာကျပ်ငွေ (၆၃၀၀၀၀၀၀) တို့ကို ဖမ်းဆီးရမိခဲ့ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဦးထွန်းလင်း (ခ) လင်းလင်းထံမှ အမေရိကန်ဒေါ်လာ (၃၈၀၀)၊ ထိုင်းဘတ် (၃၃၀၀၀)၊ တရုတ်ယွမ် (၁၅၀၀၀)နှင့် မြန်မာကျပ်ငွေ (၅၅၀၀၀၀၀) တို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူ (၄) ဦးကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — NP News