၂၆.၁၁.၂၀၂၆
Written by NYL
ငွေကျပ် ၁ ဒသမ ၀၀၃၉ ဘီလျံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့် သိန်း ၁၅၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား သုံးသောင်းအား တာချီလိတ်မြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar ၏ နိုဝင်ဘာ ၂၆ ရက် သတင်းထုတ်ပြန်မှုအရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ နိုဝင်ဘာ ၂၅ ရက်၊ နံနက် ၁၀ နာရီခွဲခန့်တွင် သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ခတ္တာလမ်းသွယ်တွင် နေထိုင်သည့် ကျလား၏ နေအိမ်အားဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ စိုးလာမူ အားတွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါနေအိမ်အတွင်းမှ ဖမ်းဆီးရမိသည့် စိတ်ပြောင်းဆေးဝါးများမှာ အိုက်စ်(မက်သ်အဖက်တမင်း) အလေးချိန် ၃၃ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၂၈၀၅ သိန်း)၊ Happy Water အလေးချိန် ၅ ဒသမ ၂ ကီလို(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄,၁၆၀)၊ ကက်တမင်းအဆီရည် ၁ လီတာ(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃,၀၀၀)၊ စိတ်ကြွဆေးပြား ၂,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၈ သိန်း)၊ အက်တက်စီဆေးပြား ၁၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃၀)၊ ကက်တမင်းအလေးချိန် ၃၀၀ ဂရမ် (ဒေသကာလတန်ဖိုးငွေကျပ် ၃၆ သိန်း)တို့ဖြစ်ပြီး လက်ကိုင်ဖုန်း ၄ လုံးကိုလည်း တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ကျလား(၂၈)နှစ် နှင့် စိုးလာမူ(၃၀)နှစ်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ နောင်ချိုမြို့နယ်တွင် နိုဝင်ဘာ ၂၄ ရက်၊ ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်အနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် သီပေါမှ နောင်ချိုဘက်သို့ စိုင်းစွမ်ခေးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော စိတ်ကြွဆေးပြား ၃၀၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၅၀)နှင့် လက်ကိုင်ဖုန်း တစ်လုံးနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါစိတ်ကြွဆေးပြားများသယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ မရွှေကြည်(ခ)နန်းလောင် အား ၎င်းနေထိုင်သည့် နောင်ချိုမြို့နယ်၊ တဲတိုက်ကျေးရွာရှိ နေအိမ်အတွင်းမှ လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ နိုဝင်ဘာ ၂၅ ရက်၊ နံနက် ၉ နာရီတွင် ထပ်မံဖမ်းဆီးရမိခဲ့ရာ စိုင်းစွမ်ခေး(၂၇)နှစ် နှင့် မရွှေကြည်(ခ)နန်းလောင်(၄၈)နှစ်တို့အား နောင်ချိုမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ သိရသည်။