၂၆.၁၁.၂၀၂၆
Written by NYL
နိုင်ငံတော်က အေအာတီဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူရန် နှစ်စဉ်ဘဏ္ဍာငွေများ တိုးမြှင့်ချထားပေးလျက်ရှိပြီး အေအာတီသောက်သုံးလျက်ရှိသော လူနာများအတွက် ဆေးဝါးများ ပြတ်လပ်ခြင်းမရှိအောင် ဆောင်ရွက်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောကြားခဲ့သည်။
နေပြည်တော်တွင် နိုဝင်ဘာ ၂၅ ရက်၊ နံနက် ၉ နာရီကကျင်းပခဲ့သည့် ကျန်းမာရေးဝန်ကြီးဌာန၏ “ခုခံအားကျဆင်းမှုကူးစက်ရောဂါဆိုင်ရာအမျိုးသား မဟာဗျူဟာစီမံကိန်း (၂၀၂၆ -၂၀၃၀)အသိပေးမိတ်ဆက်ခြင်း” အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ခုခံအားကျဆင်းမှုကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်းများကို ငါးနှစ်တစ်ကြိမ်ရေးဆွဲပြီး အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါကာကွယ်ကုသရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အဓိက ရည်မှန်းချက်များအဖြစ် အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံရသူများ၏ ၉၅ ရာခိုင်နှုန်းသည် ရောဂါပိုးရှိနေကြောင်းသိရှိရန်၊ အိပ်ချ်အိုင်ဗွီပိုးရှိကြောင်း စစ်ဆေးသိရှိထားသူများ၏ ၉၅ ရာခိုင်နှုန်းသည် အေအာတီဆေးကုသမှုရရှိရန်၊ အေအာတီဆေး သောက်သုံးနေသူများ၏ ၉၅ ရာခိုင်နှုန်းသည် ပိုးကောင်ရေထိန်းချုပ်မှုရရှိရန်နှင့် မိခင်မှကလေးသို့ အိပ်ချ်အိုင်ဗွီနှင့် ဆစ်ဖလစ်ပိုးကူးစက်မှုကင်းဝေးရန် သတ်မှတ်ထားကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းက ပြောကြားခဲ့ကြောင်း သိရသည်။
ခုခံအားကျဆင်းမှုကူးစက်ရောဂါဆိုင်ရာအမျိုးသားမဟာဗျူဟာစီမံကိန်း(၂၀၂၆-၂၀၃၀) ၏ အဓိကမျှော်မှန်းချက်သည် ၂၀၃၀ ပြည့်နှစ်တွင် အေအိုင်ဒီအက်စ်ရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ အဆုံးသတ်နိုင်ရေးဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ယင်းမျှော်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် အဓိကကဏ္ဍခြောက်ရပ်ဖြင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါကာကွယ်ကုသရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု ပြခန်းကို ကြည့်ရှုခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ နှီးနွှယ်ဝန်ကြီးဌာနများနှင့် နှီးနွှယ်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ အိပ်ချ်အိုင်ဗွီပိုးနှင့် နေထိုင်သူများ ကွန်ရက်နှင့် ဦးတည်အုပ်စုဝင် ကွန်ရက်များမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။