Kanbawza Tai News

အင်ဒိုနီးရှား ရွှေတွင်းရေကြီးမှုကြောင့် ၁၃ ဦး သေဆုံးပြီး ၁၃ ဦး ပျောက်ဆုံးနေ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်ရှိ တရားမဝင်ရွှေတွင်းတစ်ခုအတွင်း ရေဝင်ရောက်မှုကြောင့် မြေအောက်မှာ ပိတ်မိနေတဲ့ အလုပ်သမား ၂၆ ဦးအနက် ၁၃ ဦး သေဆုံးခဲ့ပြီး ကျန် ၁၃ ဦးကို ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက် ရှာဖွေနေပါတယ်။

မြို့တော် ဂျကာတာမြို့တောင်ဘက် ဘိုဂေါဒေသမှာ တည်ရှိတဲ့ အဲဒီရွှေတွင်းထဲကို တနင်္လာနေ့က အလုပ်သမား ၂၆ ဦး ဝင်ရောက်လုပ်ကိုင်နေချိန် မိုးသည်းထန်စွာရွာသွန်းပြီး တွင်းအတွင်း ရေကြီးကာ ဝင်ရောက်ခဲ့တာကြောင့် မြေအောက် အနက် မီတာ ၁၀၀ ခန့်မှာ ပိတ်မိခဲ့တာဖြစ်ပါတယ်။

အနောက်ဂျာဗားပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ ဟန်ကီက သေဆုံးသူ ၁၃ ဦးအနက် ၆ ဦးရဲ့ အမည်နဲ့ ကိုယ်ရေး အချက်အလက်တွေကို အတည်ပြုနိုင်ပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ရာသီဥတုအခြေအနေ ဆိုးရွားမှုမရှိပါက ကြာသပတေးနေ့မှာလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

တွင်းအတွင်း ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းဟာ ကျဉ်းမြောင်းပြီး ချော်လဲနိုင်တဲ့အပြင် အလင်းရောင် လည်း မရှိ တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ အင်ဒိုနီးရှား ရှာဖွေကယ်ဆယ်ရေး အေဂျင်စီ ( Basarnas) ကလည်း တွင်းပေါက်နှစ်ခုကို အဓိကထား ရှာဖွေနေပြီး ကြိုးတွေကို အသုံးပြုကာ ဝင်ရောက် နေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တွင်းအနက် မီတာ ၁၀၀ ရှိတာကြောင့် ရှာဖွေရေးလုပ်ငန်းတွေ ပိုမိုခက်ခဲနေတယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ သတ္တုသယံဇာတတွေဟာ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ တည်ရှိနေပြီး အသေးစားနဲ့ တရားမဝင် သတ္တုတူးဖော်မှုတွေကို ထိန်းချုပ်ဖို့ ခက်ခဲတာကြောင့် မိုင်းတွင်း မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

အခုဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ဘိုဂေါဒေသမှာပဲ ဇန်နဝါရီလအတွင်း တရားမဝင်ရွှေတွင်းတစ်ခုမှာ ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ အဆိပ်သင့်မှုကြောင့် မိုင်းလုပ်သားအများအပြား သေဆုံးခဲ့ဖူးတယ်လို့ ဒေသတွင်းသတင်းဌာန Detik က ဖော်ပြပါတယ်။

အဲဒီဒေသမှာ ရွှေတူးဖော်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ နိုင်ငံပိုင်သတ္တုတူးဖော်ရေးကုမ္ပဏီ Antam ကတော့ အခု ဖြစ်စဉ်ဟာ ခွင့်ပြုချက်မရှိတဲ့ တရားမဝင်မိုင်းတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကုမ္ပဏီရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

Ref – CNA

မူရင်းသတင်း — Kanbawza Tai News