
ICJ က ချမှတ်သော စီရင်ချက်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သဘောထားနှင့်အညီ ရန်ကုန်တိုင်းလွှတ်တော်က ထပ်တူရပ်တည်ကြောင်း လွှတ်တော်တွင် မှတ်တမ်းတင်ခဲ့သည်။
နိုဝင်ဘာ ၂၆ ရက်က ပြုလုပ်သော တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂ဝ၂၆) ပဉ္စမနေ့အစီအစဉ်တွင်အင်းစိန်မြို့နယ် ကိုယ်စားလှယ်အမှတ်(၁) ဦးသူရိန်လင်း၏ အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice-ICJ)က နိုဝင်ဘာ ၁၉ ရက်တွင် ချမှတ်ခဲ့သည့် စီရင်ချက်အပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သဘောထားနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ထပ်တူရပ်တည်ပါကြောင်းအဆိုကို လွှတ်တော်သို့ တင်သွင်းပြီး မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။
"ကျွန်တော့်အနေနဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး၏ ချမှတ်ခဲ့သော စီရင်ချက်တွင် ပါရှိသည့် သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်များဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေတဲ့ တရားမျှတမှုမရှိသော စီရင်ဆုံးဖြတ်မှုများကို လက်မခံနိုင်ပါကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က ၁၉ ရက်၊ ၁၁ လ၊ ၂၀၂၆ ရက်တွင် ချမှတ်ခဲ့သည့် စီရင်ချက်အပေါ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် သဘောထားနှင့်အညီ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ထပ်တူရပ်တည်ပါကြောင်း အဆိုကို လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းအပ်ပါတယ် ခင်ဗျာ" ဟု အဆိုရှင် အင်းစိန်မြို့နယ် ကိုယ်စားလှယ်အမှတ်(၁) ဦးသူရိန်လင်းက ပြောကြားသည်။
အဆိုပါအဆိုကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ရယူကာ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။
ICJ က ချမှတ်သောစီရင်ချက်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူသားချင်း စာနာထောက်ထားမှုနှင့် နေရပ် စွန့်ခွာသူများ ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို ပြည်တွင်းဥပဒေ၊ နိုင်ငံတကာကျင့်သုံး ဆောင်ရွက် မှုများ၊ တည်ဆဲနှစ်နိုင်ငံသဘောတူစာချုပ်များ၊ ဆောင်ရွက်ဆဲအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံ၏ နယ်နိမိတ်အတွင်း အမှန်တကယ်နေထိုင်ခဲ့ပြီး လက်ရှိတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ရောက်ရှိနေသော နေရပ်စွန့်ခွာသူများကို စိစစ်လက်ခံရေးနှင့် ဘေးကင်းလုံခြုံပြီး ၎င်းတို့၏ ဆန္ဒအလျောက် ဂုဏ်သိက္ခာ ရှိစွာ နေထိုင်နိုင်ရေးအတွက် ပြန်လည်လက်ခံရေးနှင့် နေရာချထားရေး လုပ်ငန်းစဉ်တို့ကိုလည်း အခြေအနေ ပေးသည်နှင့်အမျှ မြန်မာပြည်သူများ၏ အကျိုးစီးပွားနှင့် နိုင်ငံ့အချုပ်အခြာအာဏာကို မထိခိုက် စေပဲဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပါရှိသည်။
ထို့ပြင်ရခိုင်အရေးကိစ္စသည် ရှုပ်ထွေးသော သမိုင်းနောက်ခံအခြေအနေ၊ လူမျိုးရေးနှင့် ဘာသာရေး အခြေခံများရှိနေပြီး အထူးသဖြင့် ဤကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စသက်သက်သာ ဖြစ်သည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို လေးစားလျက် မြန်မာနိုင်ငံရင်ဆိုင်နေရသည့် အခက်အခဲနှင့် စိန်ခေါ်မှု များကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်သင့်ပြီး အခြေအနေပိုမိုကောင်းမွန်စေရေးအတွက် အပြုသဘောဖြင့် ပူးပေါင်းပါဝင်သင့်ပါကြောင်းနှင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် စီရင်ချက်ကိုအချိန်ယူ၍ အလေးထား လေ့လာသွားမည် ဖြစ်ပါကြောင်း ပြောကြားထားသည်။
#ICJ #နိုင်ငံခြားရေးဝန်ကြီးဌာန ##ရန်ကုန်တိုင်းလွှတ်တော် #ထပ်တူရပ်တည် #elevennews