
(လွှတ်တော်) နိုဝင်ဘာ ၂၆
ကချင်ပြည်နယ်အတွင်း ကျောက်မျက်ရတနာအသေးစားနှင့် လက်လုပ်လက်စားလုပ်ငန်းများအတွက် ဥပဒေကြမ်းတစ်ရပ် ရေးဆွဲနိုင်ရေး ကချင်ပြည်နယ်လွှတ်တော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဥပဒေကြမ်း ရေးဆွဲနိုင်ရေးအတွက် ကချင်ပြည်နယ်လွှတ်တော်၊ ဥပဒေလေ့လာစိစစ်ရေးနှင့် အကြံပေးကော်မတီသည် နိုဝင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် ကချင်ပြည်နယ်လွှတ်တော်ရုံးရှိ F-2 အစည်းအဝေးခန်း၌ ညှိနှိုင်းအစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာအောင်ဝင်း၊ ဥပဒေလေ့လာစိစစ်ရေးနှင့် အကြံပေးကော်မတီဝင်များနှင့် လုံးခင်း၊ ဖားကန့်တူးဖော်ရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဥပဒေလေ့လာစိစစ်ရေးနှင့် အကြံပေးကော်မတီဥက္ကဋ္ဌဖြစ်သူ ကချင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် ဝန်ကြီး ဒေါက်တာအောင်ဝင်း၊ ကော်မတီအဖွဲ့ဝင်များနှင့် လုံးခင်း၊ ဖားကန့်တူးဖော်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကချင်ပြည်နယ် ကျောက်မျက်ရတနာအသေးစားနှင့် လက်လုပ်လက်စားလုပ်ငန်းဥပဒေကြမ်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။