Positive Angle News

ICJ ၏ မြန်မာနိုင်ငံအပေါ် စီရင်ချက်ကို ကျားဖြူပါတီ ကန့်ကွက်

(နိုင်ငံရေး) နိုဝင်ဘာ ၂၆

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အပြီးသတ်စီရင်ချက်ကို လက်ခံသဘောတူခြင်းမရှိဘဲ ကန့်ကွက်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က သဘောထားထုတ်ပြန်ထားသည်။

၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၂ ရက်စွဲဖြင့် ထုတ်ပြန်သည့် ပါတီ၏ သဘောထားကြေညာချက်တွင် အဆိုပါစီရင်ချက်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ အမျိုးသားဂုဏ်သိက္ခာနှင့် နိုင်ငံတော်အကျိုးစီးပွားတို့နှင့် တိုက်ရိုက်သက်ဆိုင်နေသည့်အတွက် သမိုင်းကြောင်း၊ ဖြစ်ရပ်မှန်များနှင့် သက်သေအထောက်အထားများကို ဘက်စုံထောင့်စုံမှ မျှတစွာ သုံးသပ်ဆုံးဖြတ်ရန် လိုအပ်သည်ဟု ပါတီက ယူဆကြောင်း ဖော်ပြထားသည်။

ထို့ပြင် ယခုစီရင်ချက်နှင့်ပတ်သက်၍ တရားသူကြီးများအကြား သဘောထားကွဲလွဲမှုများ ရှိခဲ့ခြင်းသည် ဥပဒေကြောင်းအရ ဆက်လက်ဆန်းစစ်သုံးသပ်ရန် လိုအပ်သည့် အချက်များရှိနေကြောင်း ပေါ်လွင်စေသည်ဟု ပါတီက သုံးသပ်ထားသည်။

သို့ဖြစ်၍ သက်သေအထောက်အထားများ၊ သက်သေခံချက်များနှင့် နိုင်ငံတကာဥပဒေပါ အခြေခံမူများကို တိကျမျှတစွာ ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်းနှင့် တရားမျှတမှု၊ ဘက်မလိုက်မှုတို့ကို အခြေခံသည့် ဆောင်ရွက်ချက်များ ဖြစ်ပေါ်လာစေရန် တိုက်တွန်းထားသည်။

ကျားဖြူပါတီအနေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် ပြည်ထောင်စု၏ နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို အစဉ်တစိုက် ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်သကဲ့သို့ တရားမျှတမှု၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတို့အတွက်လည်း ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ပါတီက ထုတ်ပြန်ထားသည်။

မူရင်းသတင်း — Positive Angle News