
အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် နေတိုးအကြီးအကဲ မာ့ခ်ရုတို့ ဖလော်ရီဒါတွင် တွေ့ဆုံခဲ့ပြီးနောက် နိုဝင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သော ပူးတွဲထုတ်ပြန်ချက်တွင် ရုရှားက ယူကရိန်းစစ်ပွဲကို ချဲ့ထွင်ခြင်းမပြုရန် တိုက်တွန်းခဲ့သည်။
၎င်းတို့နှစ်ဦး ထရန့်၏မာရာလာဂို အပန်းဖြေစံအိမ်တွင် တံခါးပိတ်ဆွေးနွေးခဲ့ကြပြီးနောက် အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တွင် ထူးခြားထိရောက်မှုရှိ သောတွေ့ဆုံမှုဖြစ်ပြီး ယူကရိန်းစစ်ပွဲ၊ အီရန် စစ်ပွဲတို့ကို အလေးပေးဆွေးနွေးခဲ့သည်ဟု ဖော်ပြခဲ့သည်။
“ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်ဘဲဖြစ်စေ စစ်ပွဲကိုချဲ့ထုတ်တဲ့လုပ်ရပ်မှန်သမျှကို ရုရှားရှောင်ရှားဖို့ အရေးကြီးတယ်ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။ စစ်ပွဲနဲ့ပတ်သက်ပြီး ငြိမ်းချမ်းတဲ့ ဖြေရှင်းချက်မြန်နိုင်သမျှမြန် မြန်ရရှိရေးဟာလည်း အရေးကြီးတယ်ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက် ဖော်ပြထားသည်။
လွန်ခဲ့သောသီတင်းပတ်က တရုတ်တွင် တွေ့ဆုံခဲ့စဉ် ထရန့်က ပူတင်ကို “ကျွန်တော့် မိတ်ဆွေ”ဟု ပြောကြားခဲ့သည့်တိုင် ထရန့်နှင့် မာ့ခ်ရုတို့၏ အထက်ပါ ပူးတွဲထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးက ထရန့်၏ပူတင်နှင့်ပတ်သက်သော စကားကို ပြဿနာလုပ်ခဲ့ပြီး မိမိတို့အတွက်မူ ပူတင်သည် လူသတ်သမားဖြစ်သည်ဟု ဇယ်လန်းစကီးက CNN ကို ပြောကြားခဲ့သည်။
မာ့ခ်ရုကမူ ရှန်ကျန်းတွင် ထရန့်နှင့်ပူတင်တို့ တွေ့ဆုံရာ၌ ထရန့်ပြောခဲ့သောစကားသည် ပူတင်ကို စမ်းသပ်လိုက်ခြင်းဖြစ်သည်ဟု နိုဝင်ဘာ ၂၅ ရက်တွင် Fox News သတင်းဌာန၏ Fox and Friends အစီအစဉ်ကို ပြောကြားခဲ့သည်။
“သူက ဘယ်လိုအလေးထားပါသလဲ။ သူဟာ ဆွေးနွေးရေးစားပွဲဝိုင်းကို လာဖို့လိုလားပါသလား။ သူက တကယ် စေ့စပ်ဆွေနွေးတာကို လိုလားပါသလား။ ဒီလိုနဲ့ ဖိအားဆက်ပေးနေကြရမှာပါ။ အဲဒီလိုဖိအားပေးတာဟာ အလုပ်ဖြစ်တယ်လို့ ထင်ပါတယ်။ အလုပ်ဖြစ်လာအောင် ကျွန်တော်တို့က ဖိအားဆက်ပေးနေမှာပါ”ဟု နေတိုးအတွင်းရေးမှူး မာ့ခ်ရုက ပြောကြားခဲ့သည်။
Ref: AFP