
(ပြည်တွင်း) နိုဝင်ဘာ ၂၆
နိုင်ငံရေးသမားကောင်းမှ တိုင်းပြည်ကောင်းမွန်မည်ဖြစ်ပြီး နိုင်ငံရေးသမားကောင်းများဖြစ်လာစေရန် လေ့ကျင့်ပျိုးထောင်ပေးကြရန် လိုအပ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။
ပါတီဗဟိုအလုပ်အမှုဆောင်များ စုံညီအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပါတီဌာနချုပ် ဗဟိုအလုပ်အမှုဆောင်များ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီ တက်ရောက်အဖွင့်အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက မိမိတို့ပါတီသည် နိုင်ငံတော်၏ သမိုင်းဖြစ်စဉ်များနှင့် ဆက်စပ်ပြီး ပေါ်ပေါက်လာသည့် ပါတီဖြစ်ကြောင်း၊ အတိတ်ကာလ ဖြစ်စဉ်များကို ပြန်လည်သုံးသပ်ပါက နိုင်ငံရေးသမားကောင်းများရှိမှသာ တိုင်းပြည်ကောင်းမွန်နိုင်သည်ဆိုသည့် အချက်ကို ဖော်ထုတ်တွေ့ရှိရကြောင်း ပြောကြားသည်။

ထို့ကြောင့် နိုင်ငံရေးသမားကောင်းများ ဖြစ်လာစေရန် လေ့ကျင့်ပျိုးထောင်ပေးကြရမည်ဖြစ်သကဲ့သို့ မိမိတို့ကိုယ်တိုင်လည်း နိုင်ငံရေးသမားကောင်းများဖြစ်အောင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လူထုလူတန်းစား အလွှာပေါင်းစုံ ပါဝင်သည့် ပြည်ခိုင်ဖြိုးအသင်းမှ ပေါက်ဖွားလာခြင်းဖြစ်ပြီး အနာဂတ်တွင် နိုင်ငံတော်ကို အရည်အချင်းပြည့်မီစွာ ဦးဆောင်နိုင်သည့် နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းလည်း ပြောကြားသည်။

ပါတီအစဉ်အဆက်မပြတ် ရှင်သန်ရပ်တည်နိုင်ရေးအတွက် ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်ခဲ့ပြီး ယင်းအချက်များအပေါ် အခြေခံကာ ရေတို၊ ရေရှည် ရည်မှန်းချက်များ ရေးဆွဲထားကြောင်း ၎င်းက ပြောသည်။

ပါတီ၏ ရေတို၊ ရေရှည် ရည်မှန်းချက်များ အောင်မြင်စေရန် ရွေးကောက်ပွဲတိုင်း အောင်နိုင်ရေးကို တိတိကျကျ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြည်သူပါဝင်မှသာ အောင်ပွဲရရှိနိုင်မည်ဖြစ်သည့်အတွက် ပြည်သူကို ဗဟိုပြုဆောင်ရွက်ရန် လိုအပ်ကြောင်း ဦးခင်ရီက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ တည်ရှိနေသရွေ့ ပြည်ခိုင်ဖြိုးပါတီလည်း ဆက်လက်တည်ရှိနေရမည်ဖြစ်ပြီး အင်အားကောင်းမွန်သည့်အပြင် အရည်အချင်းရှိကာ ကျစ်လျစ်ခိုင်မာသော ပါတီတစ်ရပ်ဖြစ်ရန်နှင့် ပြည်သူအားလုံးအတွက် အားကိုးရာပါတီဖြစ်လာရန် ရည်မှန်းထားကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ယုံကြည်ချက်၊ ခံယူချက်တူညီသူများနှင့် မိတ်ဝတ်မပျက် ပူးပေါင်းညှိနှိုင်းလက်တွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ခေတ်နှင့်အညီ နိုင်ငံတကာကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် နိုင်ငံတကာပါတီများနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း ပြောကြားသည်။

ရှေ့အနာဂတ်တွင် ပါတီကို ခေတ်မီပြည်သူ့ဗဟိုပြု နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းအတွက် မဟာဗျူဟာစီမံချက်များ ရေးဆွဲထားပြီးဖြစ်ကြောင်း ဦးခင်ရီက ပြောသည်။ ပြည်သူများ၏ အသံ၊ ဆန္ဒနှင့် လိုလားချက်များကို နားထောင်ကာ တွေ့ဆုံစိစစ်ပြီး တတ်နိုင်သမျှ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

အစည်းအဝေးသို့ ပါတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်းနှင့် ဦးသောင်းအေး၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ပါတီအတွင်းရေးမှူးများ၊ ပါတီဗဟိုအလုပ်အမှုဆောင်များနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။