Myanmar Digital News

နိုင်ငံတော်နှင့်နိုင်ငံသားများအကျိုးစီးပွား စုစည်းညီညွတ်မှုဖြင့်ထိန်းသိမ်းကာကွယ်

မြန်မာနိုင်ငံသည် နိုင်ငံ၏နောက်ခံသမိုင်းကြောင်းနှင့် ပကတိအခြေအနေ အရှိတရားများအရ မိမိနိုင်ငံနှင့် မိမိနိုင်ငံသားများ၏ အကျိုးစီးပွားကိုအလေးထား၍ မြန်မာနိုင်ငံ၏ ပိုင်ဆိုင်ထားသောအရင်းအမြစ်များနှင့် နိုင်ငံ၏စွမ်းပကားများကို အပြည့်အဝအသုံးချ၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ မိတ်ဝတ်မပျက်ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံဆောင်ရွက်လျက်ရှိသည်။ မိတ်ဆွေနိုင်ငံများ၏ အပြုသဘောဆောင်အကောင်းမြင်မှုများရှိသလို မြန်မာနိုင်ငံအပေါ် အကောင်းမမြင် ပျက်စီးရာပျက်စီးကြောင်း ကြံဆောင်နေကြသူများလည်းရှိသည်။

 

ပြီးခဲ့သည့်ကာလက မြန်မာနိုင်ငံနှင့်မိုင်ပေါင်းထောင်ချီဝေးသည့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွပ်စွဲတင်သွင်းခဲ့သည့်အမှုတွင် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)က စီရင်ချက်ချမှတ်ခဲ့သည်ကို မြင်တွေ့ကြားသိကြရမည်ဖြစ်သည်။ ယင်းကိစ္စသည် မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်စွပ်စွဲချက်ပင်ဖြစ်ပြီး အဆိုပါအမှုကို တင်သွင်းခဲ့သည်မှ ခုနစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် တရားရုံး၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်မှုများကို အချက်အလက်ခိုင်မာစွာဖြင့် တက်တက်ကြွကြွဆောင်ရွက်ခဲ့သည်။ လူမျိုးသုဉ်းစေမှု(Genocide)ဟူသည့် အသုံးအနှုန်းအနေဖြင့် နိုင်ငံ၏ဂုဏ်သိက္ခာကို များစွာထိခိုက်စေသည်။ မြန်မာနိုင်ငံအနေဖြင့် တရားရုံးသို့ စာဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း လျှောက်လဲချက်များ တင်သွင်းရာတွင် သက်ဆိုင်ရာအချက်အလက်များ၊ မှတ်တမ်းများနှင့် သက်သေအထောက်အထားများကို ပြည့်ပြည့်စုံစုံတင်သွင်းခဲ့ပြီးဖြစ်သည်။

သို့သော် တရားရုံးအနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို မျက်ကွယ်ပြုပြီး တစ်ဖက်သတ်အမိန့်ချမှတ်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ နိုဝင်ဘာ ၂၅ ရက်နေ့ကပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက “မိမိအနေဖြင့် လက်ရှိအချိန်တွင် နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်သဖြင့် နိုင်ငံတော်တွင် ဖြစ်ပျက်နေသည့် ကိစ္စရပ်ဟူသမျှသည် မိမိ၌ အဓိကတာဝန်ရှိသည်ဟု ခံယူထားပြီး နိုင်ငံတော်အား ထိပါးလာသည့် ကိစ္စရပ်မှန်သမျှကို လက်ခံမည်မဟုတ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၏ မဲခွဲဆုံးဖြတ်မှုများနှင့် ပတ်သက်၍လည်း တာဝန်သိနိုင်ငံတစ်ခုအနေဖြင့် လုပ်ဆောင်ရန်သင့်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ပြီး လိုက်နာရန်မသင့်သည်များကို လိုက်နာဆောင်ရွက်သွားမည်မဟုတ်ကြောင်း” အတိအလင်းပြောကြားခဲ့သည်။

 

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအပေါ် သစ္စာမဲ့သူများက အမျိုးမျိုးပုံဖျက်ပြောကြားနေကြသော်လည်း နိုင်ငံတော်အကြီးအကဲ၏ ပြတ်သားသောဆုံးဖြတ်ချက်နှင့်အတူ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများကို ချစ်ခင်မြတ်နိုးတန်ဖိုးထားသည့် မြန်မာနိုင်ငံသားများ၏ စုပေါင်းညီညွတ်သောစွမ်းပကားများဖြင့် မိမိနိုင်ငံအကျိုးကို ကာကွယ်စောင့်ရှောက်ကြမည်ဖြစ်သည်။ အာဆီယံနှင့်ပတ်သက်၍လည်း နိုင်ငံတော်သမ္မတ၏ သဘောထားကို ပြတ်ပြတ်ထင်ထင်သိရှိရပြီးဖြစ်သည်။ အာဆီယံပဋိညာဉ်များနှင့်မူဝါဒများကို မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များက လက်မှတ်ရေးထိုးသဘောတူထားခြင်းဖြစ်သည်။ ယင်းပဋိညာဉ်နှင့် မူဝါဒများမှာ အသက်ဝင်နေဆဲဖြစ်ပြီး ပျက်ပြယ်မှုမရှိသရွေ့ ယင်းအပေါ်တွင်အခြေခံ၍သာ လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်နှင့်မူဝါဒအတိုင်း ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သလို အာဆီယံအဖွဲ့ဝင်နိုင်ငံလည်းဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံနှင့်တစ်မြေတည်း၊ တစ်ရေတည်း၊ တစ်သွေးတည်း ထိတွေ့ဆက်ဆံနေထိုင်လျက်ရှိသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်ကို လေးစားလိုက်နာကြရန်လိုပြီး အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် တည်ဆဲဥပဒေများကိုလည်း လေးစားလိုက်နာရန် လိုသည်။

 

အစိုးရတစ်ရပ်အနေဖြင့် မိမိနိုင်ငံနှင့် မိမိလူမျိုး၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသကဲ့သို့ နိုင်ငံနှင့် လူမျိုး၏ ယဉ်ကျေးမှုနှင့် အမျိုးသားရေးစရိုက်လက္ခဏာများကို ဦးဆောင်ဦးရွက်ပြု၍ ထိန်းသိမ်းဆောင်ရွက် သွားရန်တာဝန်ရှိသည်။ ထို့အပြင် အခြားဘာသာဝင်များ၏ ကိုးကွယ်ယုံကြည်မှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားရမည်ဖြစ်ပြီး မည်သည့်ဘာသာတရားကို ကိုးကွယ်ယုံကြည်သည်ဖြစ်စေ သက်ဆိုင်ရာဘာသာတရားများ၏ အဆုံးအမများအတိုင်း ထိန်းသိမ်းလိုက်နာကျင့်သုံးသွားရန်လိုမည်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများအပေါ် ထိပါးစေမည့် လုပ်ဆောင်မှုမှန်သမျှကို လက်မခံဘဲ ပြတ်ပြတ်သားသား ကာကွယ်တိုက်ဖျက်ဆန့်ကျင်သွားကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် သမိုင်းကြောင်းအစဉ်အလာကောင်းမွန်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာများကို ခေတ်အဆက်ဆက် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ခဲ့သည့် ဂုဏ်သိက္ခာအစဉ်အလာကြီးမားသောနိုင်ငံဖြစ်သလို မျက်မှောက်ကာလတွင် ကြုံတွေ့လာရသော နိုင်ငံတကာဆက်ဆံရေးနှင့် ပြည်တွင်း အခြေအနေများကို တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ စုပေါင်းညီညွတ်သော စွမ်းပကားများဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်သွားကြရမည်ဖြစ်ပါကြောင်း။ ။

မူရင်းသတင်း — Myanmar Digital News