Myanmar National Post

တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(တတိယနေ့) ဆက်လက်ကျင်းပ


စစ်တွေ  ၊ နိုဝင်ဘာ ၂၇

တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(တတိယနေ့)ကို ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာထင်လင်းဦး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ ဆိုင်ရာ လေ့လာသုံးသပ်ရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(တတိယနေ့) စတင်ကျင်းပကြောင်းနှင့် အထမြောက်ကြောင်း ကြေညာပြီး အရေးပေါ်အစည်းအဝေး(တတိယနေ့)သို့ မတက်ရောက်နိုင်သော လွှတ်တော်ကိုယ်စားလှယ်များအတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ခွင့်ပန်ကြားကာ လွှတ်တော်၏အဆုံးအဖြတ်ကိုရယူသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းသည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ နှစ်ဝက်ပထမ(၆)လပတ် အစီရင်ခံစာ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ရခိုင်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအပေါ် ရခိုင်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးကော်မတီမှ ဥပဒေဆိုင်ရာသုံးသပ်ချက် အစီရင်ခံစာ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ရခိုင်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအပေါ် ရခိုင်ပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာ ကော်မတီ၏ ငွေကြေးဆိုင်ရာသုံးသပ်ချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာတို့နှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကာ လွှတ်တော်မှမှတ်တမ်းတင်ကြောင်း ကြေညာသည်။

ယင်းနောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းသည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ရခိုင်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းအား အတည်ပြုပေးနိုင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အဆိုတင်သွင်းရာ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ရယူပြီး တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သတင်းရသည်။

တင်ထွန်း

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post