
ပြည့်ထူး (မင်းဘူး) (NP News)
အသုံးချနိုင်မယ့် PPP ပုံစံ(၅)မျိုး
နီပေါနိုင်ငံလိုအခြေအနေမျိုးမှာ ဘယ်လို PPP ပုံစံတွေကိုအသုံးပြုနိုင်မလဲဆိုတာ လေ့လာကြည့် မိပါတယ်။ ပထမဆုံးအနေနဲ့ ကျန်းမာရေးအခြေခံအဆောက်အအုံတည်ဆောက်ရေးနဲ့ ပြုပြင်ထိန်းသိမ်း ရေးမှာ ပူးပေါင်းနိုင်ပါတယ်။ အထူးသဖြင့် ဆေးရုံနဲ့ ဆေးခန်း မလုံလောက်သေးတဲ့ဒေသတွေမှာ အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေပူးပေါင်းပြီး အဆောက်အအုံတည်ဆောက်ခြင်း၊ ဆေးဘက်ဆိုင်ရာပစ္စည်းတွေတပ် ဆင်ခြင်းနဲ့ ရေရှည်ပြုပြင်ထိန်းသိမ်းခြင်းတို့ကိုဆောင်ရွက်နိုင်ပါတယ်။ စီးပွားရေးအရ အကျိုးအမြတ်ရဖို့ ခက်ခဲတဲ့ ဝေးလံခေါင်သီဒေသတွေမှာတော့ အစိုးရကထောက်ပံ့ကြေး၊ သင့်တော်တဲ့ မက်လုံး (Incen- tive) နဲ့ ဝန်ဆောင်မှုဝယ်ယူမှုစာချုပ်တွေကို အသုံးပြုနိုင်ပါတယ်။
ဒါပေမဲ့ ဆေးရုံအသစ်တည်ဆောက်တာက အကောင်းဆုံးဖြေရှင်းနည်း ဖြစ်မဖြစ်ကို အရင်ဆုံး သုံးသပ်ဖို့လိုပါတယ်။ တချို့ဒေသတွေမှာ ရှိပြီးသား ဆေးရုံတွေရဲ့စက်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို မြှင့် တင်ပေးတာက ပိုမိုကုန်ကျစရိတ်သက်သာပြီး ထိရောက်နိုင်ပါတယ်။ ဒါကြောင့် PPP စီမံကိန်းတစ်ခုကို ရွေးချယ်တဲ့အခါ အဆောက်အအုံအသစ်တည်ဆောက်ခြင်းနဲ့ ရှိပြီးသားဝန်ဆောင်မှုတွေကို အသုံးချခြင်း တို့ရဲ့ ကုန်ကျစရိတ်၊ အရည်အသွေးနဲ့ ရေရှည်အကျိုးကျေးဇူးတွေကို နှိုင်းယှဉ်ဖို့လိုပါတယ်။
ဒုတိယအနေနဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးရေးမှာ ပူးပေါင်းနိုင်ပါတယ်။ အစိုးရက ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းနဲ့ ဓာတ်ခွဲခန်းတွေကို စာချုပ်ချုပ်ဆိုပြီး လိုအပ်တဲ့ဝန်ဆောင်မှုတွေကို ဝယ်ယူရယူနိုင်ပါ တယ်။ ဥပမာ အစိုးရဆေးရုံတစ်ရုံမှာ အထူးကုဝန်ဆောင်မှု မလုံလောက်ဘူးဆိုရင် သင့်တော်တဲ့ ပုဂ္ဂလိက ဆေးရုံတစ်ခုနဲ့ပူးပေါင်းပြီး သတ်မှတ်ထားတဲ့ လူနာအရေအတွက်အတွက် ကုသမှုဝန်ဆောင်မှုတွေ ပေး အပ်စေနိုင်ပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်တဲ့အခါ ဝန်ဆောင်မှုအရည်အသွေး၊ လူနာဘေးကင်း လုံခြုံ ရေး၊ ကုသမှုကုန်ကျစရိတ်နဲ့ ဆင်းရဲနွမ်းပါးသူတွေအတွက် အခမဲ့ သို့မဟုတ် သက်သာတဲ့နှုန်းထားနဲ့ ကုသ ပေးရမယ့်တာဝန်တွေကို စာချုပ်ထဲမှာ ထည့်သွင်းသတ်မှတ်ဖို့လိုပါတယ်။ အခမဲ့ဝန်ဆောင်မှုဆိုတာ တကယ် အခမဲ့ဖြစ်ရဲ့လား၊ လူနာတွေထံက အပိုကြေးတွေ ကောက်ခံနေလားဆိုတာကိုလည်း စစ်ဆေး နိုင်ရပါမယ်။
တတိယအနေနဲ့ ဒီဂျစ်တယ်ကျန်းမာရေးနဲ့ Telemedicine ကိုအသုံးချနိုင်ပါတယ်။ နီပေါနိုင်ငံ လို တောင်တန်းနဲ့ ဝေးလံခေါင်သီတဲ့ဒေသတွေ များပြားတဲ့နိုင်ငံမှာ ဆေးရုံကြီးတစ်ခုဆီ ကိုယ်တိုင်သွား ရောက်ဖို့ခက်ခဲသူတွေအတွက် အဝေးမှတစ်ဆင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်တဲ့ဝန်ဆောင်မှုတွေက အရေးကြီးပါတယ်။
အစိုးရဟာ ပုဂ္ဂလိကနည်းပညာကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး လူနာမှတ်တမ်းတွေကို ဒီဂျစ်တယ် စနစ်နဲ့သိမ်းဆည်းခြင်း၊ အဝေးမှဆရာဝန်နဲ့ ချိတ်ဆက်တိုင်ပင်ခြင်း၊ ဆေးဝါးလက်ကျန်နဲ့ဖြန့်ဖြူးမှုကို စောင့်ကြည့်ခြင်းတို့ကိုဆောင်ရွက်နိုင်ပါတယ်။ လိုအပ်တဲ့နေရာတွေမှာ ရွေ့လျားကျန်းမာရေးဆေးခန်း တွေကိုလည်း ပူးပေါင်းဖွင့်လှစ်နိုင်ပါတယ်။ ထည့်သွင်းစဉ်းစားရမယ့် တစ်ချက်ကတော့ အင်တာနက်နဲ့ လျှပ်စစ်မီး မလုံလောက်တဲ့ဒေသတွေ၊ ဒီဂျစ်တယ်ကိရိယာတွေအသုံးမပြုတတ်သူတွေအတွက် တခြား ဝန်ဆောင်မှုနည်းလမ်းတွေကိုလည်း ဆက်လက်ထားရှိရပါမယ်။ လူနာတွေရဲ့ကိုယ်ရေးအချက်အလက်နဲ့ ကျန်းမာရေးမှတ်တမ်းတွေ လုံခြုံစိတ်ချရဖို့လည်း အရေးကြီးပါတယ်။
စတုတ္ထအနေနဲ့ ဆေးဝါးနဲ့ဆေးဘက်ဆိုင်ရာ ပစ္စည်းထုတ်လုပ်ရေး၊ ဝယ်ယူရေးနဲ့ဖြန့်ဖြူးရေးမှာ ပူးပေါင်းနိုင်ပါတယ်။ ကျန်းမာရေးဝန်ဆောင်မှုတွေ ထိရောက်ဖို့ ဆေးရုံအဆောက်အအုံနဲ့ ဆရာဝန်တွေ ရှိရုံတင်မကဘဲ လိုအပ်တဲ့ဆေးဝါးနဲ့ပစ္စည်းတွေကို အချိန်မီရရှိဖို့လည်းလိုပါတယ်။
ပုဂ္ဂလိကဆေးဝါးကုမ္ပဏီတွေ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ တွေရဲ့ အတွေ့အကြုံကိုအသုံးချပြီး ဆေးဝါးသိုလှောင်မှု၊ ပို့ဆောင်မှုနဲ့ လက်ကျန်စာရင်း စီမံခန့်ခွဲမှုတို့ကို တိုးတက်အောင်ဆောင်ရွက်နိုင်ပါတယ်။ ရေရှည်မှာလည်း ပြည်တွင်းဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာပစ္စည်း ထုတ်လုပ်မှုကိုမြှင့်တင်ဖို့ သုတေသနအဖွဲ့အစည်းတွေ၊ တက္ကသိုလ်တွေနဲ့ပုဂ္ဂလိကလုပ်ငန်းတွေ ပူးပေါင်း နိုင်ပါတယ်။
ဒါပေမဲ့ ပြည်တွင်းထုတ်လုပ်မှုတိုးလာရုံနဲ့ ဆေးဝါးဈေးနှုန်း အလိုအလျောက်ကျဆင်းမယ်လို့ မဆို နိုင်ပါဘူး။ ဆေးဝါးအရည်အသွေး၊ ဘေးကင်းလုံခြုံမှု၊ ဈေးနှုန်းသင့်တင့်မှုနဲ့ ပြည်သူတွေအတွက် လက် လှမ်းမီနိုင်မှုတို့ကို အစိုးရက စနစ်တကျကြီးကြပ်ဖို့လိုပါတယ်။
ပဉ္စမအနေနဲ့ ကျန်းမာရေးငွေကြေးထောက်ပံ့မှုနဲ့ အာမခံစနစ်တွေကို ပိုမိုအားကောင်းအောင် ပူး ပေါင်းဆောင်ရွက်နိုင်ပါတယ်။ ကျန်းမာရေးကုန်ကျ စရိတ်ကို ပြည်သူတွေကိုယ်တိုင် အများအပြားပေးချေ နေရတဲ့အခြေအနေမှာ လူမှုကျန်းမာရေးအာမခံစနစ်ကို တိုးချဲ့ဖို့အရေးကြီးပါတယ်။ အစိုးရဟာ ပုဂ္ဂလိက အာမခံကုမ္ပဏီတွေနဲ့ပူးပေါင်းပြီး သင့်တင့်တဲ့ ပရီမီယံကြေးနဲ့ အာမခံအစီအစဉ်တွေ ဖော်ဆောင်နိုင်ပါ တယ်။ ဒါပေမဲ့ ပုဂ္ဂလိကအာမခံစနစ်ကိုသာ အားကိုးမထားသင့်ပါဘူး။ ဝင်ငွေနည်းသူတွေ၊ ပုံမှန်ဝင်ငွေ မရှိသူတွေနဲ့ ကျန်းမာရေးအာမခံကြေးမတတ်နိုင်သူတွေအတွက် အစိုးရရဲ့ထောက်ပံ့မှုကိုလည်း သေချာ စီစဉ်ထားဖို့လိုပါတယ်။ ဒီလိုလုပ်ဆောင်နိုင်မှသာ မမျှော်လင့်ထားတဲ့ ကျန်းမာရေးကုန်ကျစရိတ်ကြောင့် မိသားစုတွေ အကြွေးတင်တာ၊ ပိုင်ဆိုင်မှုတွေဆုံးရှုံးတာနဲ့ ဆင်းရဲနွမ်းပါးမှုထဲ ပြန်လည်ကျရောက်တာ တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် PPP ရဲ့ အလားအလာ
ဒီအတွေ့အကြုံတွေကို မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍနဲ့ ချိတ်ဆက်စဉ်းစားကြည့်ရင်လည်း PPP ဟာ သင့်တော်တဲ့မူဝါဒနဲ့စည်းမျဉ်းစည်းကမ်းတွေ အောက်မှာအသုံးချနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါ တယ်။ မြန်မာနိုင်ငံမှာလည်း ကျန်းမာရေးဝန်ဆောင်မှုတွေကို မြို့ပြနဲ့ကျေးလက်ဒေသတွေကြား တန်းတူ ရရှိနိုင်ဖို့၊ ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို အချိန်မီဖြည့်ဆည်းဖို့၊ ကျွမ်းကျင်ဝန်ထမ်းတွေရဲ့ စွမ်းဆောင် ရည်ကို မြှင့်တင်ဖို့နဲ့ ဆေးဝါးဖြန့်ဖြူးရေးစနစ်တွေကို ပိုမိုထိရောက်အောင်ဆောင်ရွက်ဖို့လိုအပ်ပါတယ်။
ဒီလို လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့ PPP ကို အကြီးစားဆေးရုံစီမံကိန်းတွေကနေစတင်ဖို့ မလို အပ်ပါဘူး။ ပထမအဆင့်အနေနဲ့ အစိုးရဆေးရုံတွေမှာ ရှိပြီးသား ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို ပြုပြင် ထိန်းသိမ်းပေးခြင်း၊ ဓာတ်ခွဲခန်းဝန်ဆောင်မှုတွေ တိုးတက်အောင်ဆောင်ရွက်ခြင်း၊ ဆေးဝါးသိုလှောင် ဖြန့် ဖြူးရေးစနစ်ကိုမြှင့်တင်ခြင်းနဲ့ လူနာမှတ်တမ်းစနစ်တွေကို ဒီဂျစ်တယ်စနစ်ကိုပြောင်းလဲခြင်းတို့လိုမျိုး သီးခြားနယ်ပယ်တွေမှာ စမ်းသပ်စီမံကိန်းငယ်တွေ စတင်နိုင်ပါတယ်။
ဥပမာအားဖြင့် ဆေးရုံတစ်ရုံမှာ ဓာတ်ခွဲစက် တစ်ခုဝယ်ယူတပ်ဆင်ပြီးနောက် ပျက်စီးသွားတဲ့ အခါ ပြုပြင်ထိန်းသိမ်းပေးနိုင်မယ့်နည်းပညာရှင်မရှိတာ ကြောင့် အသုံးမပြုနိုင်တော့ဘူးဆိုပါစို့။ ဒီလို အခြေအနေမှာ စက်ပစ္စည်းကို ဝယ်ယူတပ်ဆင်ပေးရုံသာမက ပြုပြင်ထိန်းသိမ်းရေး၊ အပိုပစ္စည်းဖြည့် ဆည်းရေးနဲ့ ဝန်ထမ်းလေ့ကျင့်ရေးတို့ပါ ပါဝင်တဲ့ စာချုပ်တစ်ခုကို ပုဂ္ဂလိကဝန်ဆောင်မှုပေးသူနဲ့ ချုပ်ဆို နိုင်ပါတယ်။ အစိုးရကလည်း စက်ပစ္စည်းအလုပ်လုပ်နိုင်မှု၊ စစ်ဆေးပေးနိုင်တဲ့လူနာအရေအတွက်နဲ့ စမ်း သပ်မှု အရည်အသွေးတို့အပေါ်အခြေခံပြီး ဝန်ဆောင်မှုရလဒ်ကို စစ်ဆေးနိုင်ပါတယ်။ အလားတူ ဆေးဝါး ပြတ်လပ်မှုမဖြစ်စေဖို့ ပုဂ္ဂလိကထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ ပူးပေါင်းနိုင်သလို ဝေးလံခေါင်သီ တဲ့ ဒေသတွေမှာနေထိုင်သူတွေအတွက် အဝေးမှ ဆေးကုသတိုင်ပင်မှုစနစ်တွေကိုလည်း စမ်းသပ်အသုံး ချနိုင်ပါတယ်။ ဒီလို စီမံကိန်းငယ်တွေကနေရရှိလာတဲ့အတွေ့အကြုံတွေ၊ ကုန်ကျစရိတ်နဲ့ရလဒ်တွေကို အကဲဖြတ်ပြီး အောင်မြင်တဲ့ပုံစံတွေကို တဖြည်းဖြည်းတိုးချဲ့သွားနိုင်ပါတယ်။ ဒီနည်းလမ်းဟာ အရင်းအ မြစ်အကန့်အသတ်ရှိတဲ့အခြေအနေမှာ အန္တရာယ်ကိုထိန်းချုပ်နိုင်ပြီး လက်တွေ့အသုံးဝင်မှုကိုလည်းစမ်း သပ်နိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ PPP ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းတွေ၊ ငွေလဲနှုန်းအပြောင်းအလဲ၊ ငွေကြေးဖောင်းပွမှုနဲ့ အစိုးရက နောင်ကာလမှာပေးချေရမယ့် ဘဏ္ဍာရေးတာဝန်တွေကို ကြိုတင်သုံးသပ်ဖို့လိုပါတယ်။ ဒါ့ပြင် စာချုပ်တွေကို စောင့်ကြည့်အကဲဖြတ် နိုင်တဲ့အဖွဲ့အစည်းဆိုင်ရာ စွမ်းရည်၊ ပွင့်လင်းမြင်သာတဲ့တင်ဒါစနစ်နဲ့ ယုံကြည်စိတ်ချရတဲ့ ကြီးကြပ်ရေး စနစ်တွေရှိဖို့လည်း အရေးကြီးပါတယ်။ အဓိကကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ၊ ပြည်သူတွေ ရဲ့လိုအပ်ချက်နဲ့ အစိုးရရဲ့ဘဏ္ဍာရေးစွမ်းဆောင်ရည်တို့ကိုထည့်သွင်းစဉ်းစားပြီး အမှန်တကယ်အကျိုးရှိ နိုင်မယ့်စီမံကိန်းတွေကို ဦးစားပေးရွေးချယ်ဖို့ဖြစ်ပါတယ်။
PPP အောင်မြင်ဖို့ ဘာတွေလိုအပ်သလဲ
PPP ဟာ အကျိုးကျေးဇူးများစွာရရှိနိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပေမယ့် စနစ်တကျမစီမံနိုင်ရင် ပြဿနာတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ အထူးသဖြင့် ပုဂ္ဂလိကလုပ်ငန်းတွေက အမြတ်အစွန်းကို အဓိကထားပြီး ဝင်ငွေနည်းသူတွေကို ဝန်ဆောင်မှုပေးဖို့ စိတ်ဝင်စားမှုနည်းလာနိုင်တဲ့ အန္တရာယ်ရှိပါ တယ်။ စာချုပ်တွေကို မသေချာစွာရေးဆွဲထားရင်လည်း အစိုးရ အတွက် မျှော်မှန်းမထားတဲ့ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုး တွေဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ပထမဆုံးအနေနဲ့ ရှင်းလင်းတဲ့ဥပဒေ၊ မူဝါဒနဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိဖို့လိုပါတယ်။ အစိုး ရနဲ့ပုဂ္ဂလိကကဏ္ဍတို့ရဲ့ တာဝန်၊ အခွင့်အရေး၊ အန္တရာယ်ခွဲဝေမှုနဲ့ အငြင်းပွားမှုဖြေရှင်းရေးနည်းလမ်း တွေကို စာချုပ်ထဲမှာ ရှင်းလင်းစွာသတ်မှတ်ထားရပါ မယ်။
ဒုတိယအချက်ကတော့ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုဖြစ်ပါတယ်။ စီမံကိန်းရွေးချယ်မှု၊ တင်ဒါ ခေါ်ယူမှု၊ စာချုပ်ချုပ်ဆိုမှု၊ ငွေကြေးသုံးစွဲမှုနဲ့ စီမံကိန်းရလဒ်တွေကို စနစ်တကျစောင့်ကြည့်နိုင်ရပါမယ်။ ပြည်သူ့ငွေကြေးနဲ့ ပြည်သူ့အခွင့်အရေးတွေ ပါဝင်နေတဲ့အတွက် အဂတိလိုက်စားမှုနဲ့ အကျိုးစီးပွား ပဋိပက္ခတွေကိုလည်း တားဆီးနိုင်ဖို့လိုပါတယ်။
တတိယအချက်ကတော့ ပြည်သူ့အကျိုးစီးပွား ကို ဦးစားပေးဖို့ဖြစ်ပါတယ်။ ကျန်းမာရေးဟာ လူတိုင်း နဲ့သက်ဆိုင်တဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့အတွက် ဝန်ဆောင်မှုရရှိနိုင်မှု၊ ဈေးနှုန်းသက်သာမှု၊ အရည်အသွေးနဲ့ လူနာဘေးကင်းလုံခြုံရေးတို့ကိုအမြတ်အစွန်းနဲ့ တန်းတူအရေးကြီးတဲ့ စံနှုန်းတွေအဖြစ် သတ်မှတ်ထားဖို့လိုပါတယ်။
ဥပမာအားဖြင့် PPP စာချုပ်ထဲမှာ ဝင်ငွေနည်း လူနာတွေကို သတ်မှတ်ထားတဲ့နှုန်းထားနဲ့ ကုသ ပေးရမယ်ဆိုတဲ့အချက်၊ ဝေးလံခေါင်သီတဲ့ဒေသတွေမှာ ဝန်ဆောင်မှုပေးရမယ်ဆိုတဲ့အချက်နဲ့ အရေးပေါ် လူနာတွေကို မတရားခွဲခြားဆက်ဆံခြင်း မပြုရဘူးဆိုတဲ့အချက်တွေကိုထည့်သွင်းနိုင်ပါတယ်။ သတ် မှတ်ထားတဲ့ဝန်ဆောင်မှုအရည်အသွေးကိုမပြည့်မီရင် ဘယ်လိုပြင်ဆင်ရမလဲ၊ ဘယ်လိုတာဝန်ယူရမလဲ ဆိုတာကိုလည်း ကြိုတင်သတ်မှတ်ထားသင့်ပါတယ်။
နောက်ဆုံးအချက်ကတော့ ရလဒ်အခြေပြု စောင့်ကြည့်အကဲဖြတ်မှုဖြစ်ပါတယ်။ စီမံကိန်းတစ်ခု အောင်မြင်မှုကို ဆေးရုံဘယ်နှရုံတည်ဆောက်နိုင်သလဲ၊ ရင်းနှီးမြှုပ်နှံမှု ဘယ်လောက်ဝင်လာသလဲဆိုတာ နဲ့ပဲမတိုင်းတာသင့်ပါဘူး။ လူနာတွေစောင့်ဆိုင်းရတဲ့အချိန်လျော့နည်းလာသလား၊ ဆေးဝါးပြတ်လပ်မှု လျော့ကျလာသလား၊ ကုသမှုအရည်အသွေးတိုးတက်လာသလား၊ ပြည်သူတွေရဲ့ ကိုယ်တိုင်ပေးချေရတဲ့ ကျန်းမာရေးကုန်ကျစရိတ်လျော့နည်းလာသလားဆိုတာတွေကိုပါ တိုင်းတာဖို့လိုပါတယ်။
ဒါ့ပြင် PPP စီမံကိန်းတစ်ခုဟာ ရေရှည်စာချုပ်ဖြစ်နိုင်တဲ့အတွက် အစိုးရအနေနဲ့ လက်ရှိကုန်ကျ စရိတ်တင်မကဘဲ နောင်နှစ်တွေမှာပေးချေရမယ့် ငွေကြေးတာဝန်တွေကိုပါ တွက်ချက်ထားရပါမယ်။ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေအတွက်လည်း မူဝါဒတည်ငြိမ်မှု၊ စာချုပ်ပါကတိကဝတ်တွေကို လိုက်နာမှု နဲ့ယုံကြည်စိတ်ချရတဲ့အငြင်းပွားမှုဖြေရှင်းရေးစနစ်တွေ ရှိဖို့လိုအပ်ပါတယ်။
ခြုံငုံကြည့်မယ်ဆိုရင် ကျန်းမာရေးအခြေခံအဆောက်အအုံနဲ့ဝန်ဆောင်မှုတွေကို ပိုမိုကောင်းမွန် လာစေဖို့ PPP ကိုအသုံးချခြင်းဟာ မြန်မာနိုင်ငံအပါအဝင် အရင်းအမြစ်အကန့်အသတ်ရှိတဲ့နိုင်ငံတွေအ တွက်ပါ စဉ်းစားသင့်တဲ့မဟာဗျူဟာတစ်ခု ဖြစ်ပါတယ်။ အစိုးရတစ်ခုတည်းက ကျန်းမာရေးကဏ္ဍအ တွက် လိုအပ်တဲ့ အရင်းအနှီး၊ နည်းပညာ၊ ဝန်ထမ်းနဲ့ စီမံခန့်ခွဲမှုစွမ်းရည်အားလုံးကို ဖြည့်ဆည်းပေးဖို့ ခက်ခဲနိုင်ပါတယ်။ ဒီအခါ ပုဂ္ဂလိကကဏ္ဍရဲ့အားသာချက်တွေကို စနစ်တကျပေါင်းစပ်အသုံးချခြင်းအား ဖြင့် ရှိပြီးသားအရင်းအမြစ်တွေကို ပိုမိုထိရောက်စွာအသုံးပြုနိုင်ပြီး ကျန်းမာရေးဝန်ဆောင်မှုတွေကို လည်း ပိုမိုကျယ်ပြန့်စွာပေးအပ်နိုင်ပါတယ်။
ဒါပေမဲ့ PPP ကိုအသုံးချတယ်ဆိုတာ အစိုးရရဲ့တာဝန်ကို ပုဂ္ဂလိကကဏ္ဍဆီလွှဲပေးလိုက်တာ မဟုတ်ပါဘူး။ အစိုးရဟာ ပြည်သူ့ကျန်းမာရေးအတွက် အဓိကတာဝန်ယူထားရဆဲဖြစ်ပြီး ပုဂ္ဂလိက ကဏ္ဍကလည်း စာချုပ်ပါတာဝန်တွေနဲ့ အရည်အသွေးစံနှုန်းတွေကို ပြည့်မီအောင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
အထူးသဖြင့် ဝင်ငွေနည်းသူတွေ၊ ကျေးလက်နဲ့ ဝေးလံခေါင်သီတဲ့ဒေသတွေမှာနေထိုင်သူတွေ၊ မသန်စွမ်းသူတွေနဲ့ တခြားထိခိုက်လွယ်တဲ့လူအုပ်စုတွေကို ကျန်းမာရေးဝန်ဆောင်မှုတွေကနေ ချန်လှပ် မထားဖို့အရေးကြီးပါတယ်။ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေတိုးလာပေမယ့် ဝန်ဆောင်မှုကုန်ကျစရိတ် အ လွန်မြင့်တက်လာမယ်၊ လူနာတွေကို ဝင်ငွေအပေါ်မူတည်ပြီး ခွဲခြားဆက်ဆံမယ်ဆိုရင် PPP ရဲ့ မူလ ရည် ရွယ်ချက်ကို ပြည့်မီတယ်လို့မဆိုနိုင်ပါဘူး။
ဒါကြောင့် PPP ကို အကောင်အထည်ဖော်ရာမှာ ရင်းနှီးမြှုပ်နှံမှုတိုးလာခြင်းနဲ့ အမြတ်အစွန်းရရှိ ခြင်းကို သာမကြည့်ဘဲ ပြည်သူတွေအတွက် ဘယ်လောက်အကျိုးရှိသလဲဆိုတာကို အဓိကထားရပါမယ်။ ခိုင်မာတဲ့စည်းမျဉ်းစည်းကမ်းတွေ၊ ပွင့်လင်းမြင်သာတဲ့စာချုပ် စနစ်တွေ၊ သင့်တော်တဲ့ငွေကြေးထောက်ပံ့ မှုနဲ့ ထိရောက်တဲ့ စောင့်ကြည့်အကဲဖြတ်မှုတွေရှိဖို့လည်း လိုအပ်ပါတယ်။
နောက်ဆုံးမှာ ကျန်းမာရေးကဏ္ဍရဲ့ အောင်မြင်မှုဆိုတာ ဆေးရုံအဆောက်အအုံတွေ ပိုများလာ တာ၊ ခေတ်မီစက်ပစ္စည်းတွေတပ်ဆင်လာတာနဲ့ပဲ တိုင်းတာလို့မရပါဘူး။ ပြည်သူတိုင်းဟာ ဘယ်ဒေသ မှာပဲ နေထိုင်နေထိုင်၊ ဝင်ငွေဘယ်လောက်ပဲရရှိရရှိ လိုအပ်တဲ့အချိန်မှာ လုံခြုံစိတ်ချရပြီး အရည်အသွေး ပြည့်မီတဲ့ ကျန်းမာရေးဝန်ဆောင်မှုကို ငွေကြေးအခက်အခဲမကြုံ တွေ့ဘဲရရှိနိုင်ဖို့ကသာ အဓိကဖြစ်ပါ တယ်။ ဒီရည်မှန်းချက်ကိုအကောင်အထည်ဖော်နိုင်ဖို့ အစိုးရနဲ့ပုဂ္ဂလိက ကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်မှု ဟာ အရေးပါတဲ့နည်းလမ်းတစ်ခုဖြစ်လာနိုင်ပါတယ်။
အရေးကြီးတာက ပူးပေါင်းဆောင်ရွက်မှုရဲ့ အကျိုးကျေးဇူးတွေကို လုပ်ငန်းရှင်တွေနဲ့ အစိုးရအဖွဲ့ အစည်းတွေတင်မကဘဲ ပြည်သူအားလုံး တန်းတူခံစားနိုင်ဖို့ဖြစ်ပါတယ်။ အဲဒီလို ပြည်သူ့အကျိုးစီးပွားကို ဦးစားပေးပြီး PPP ကို စနစ်တကျအကောင်အထည်ဖော်နိုင်မှသာ ကျန်းမာရေးစနစ်ကို ပိုမိုခိုင်မာစေပြီး ရေရှည်တည်တံ့တဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မှာဖြစ်ပါကြောင်း အကြံပြု ရေး သားလိုက်ရပါတယ်။