Myanmar Digital News

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း (၃၅)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၂၆

 

မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (၃၅)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှ တက်ရောက်သည်။

 

အခမ်းအနားသို့ ဂုဏ်ထူးဆောင်နာယကများဖြစ်ကြသည့် ဒုတိယသမ္မတ(၁)၏ဇနီး ဒေါ်စမ်းစမ်းအေးနှင့် ဒုတိယသမ္မတ(၂) ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယကများ၊ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော်ရှိပြီး မိခင်နှင့်ကလေးများသည် အရေးပါသည့် အစိတ်အပိုင်းများ ဖြစ်ပါကြောင်း၊ မိခင်သေဆုံးနှုန်း၊ မွေးကင်းစကလေးများ သေဆုံးနှုန်း၊ အသက်တစ်နှစ်အောက်နှင့် ငါးနှစ်အောက်ကလေး သေဆုံးနှုန်းသည် နိုင်ငံတော်၏ ကျန်းမာရေးအခြေအနေကို တိုင်းတာရာတွင် အဓိကကျသည့် အညွှန်းကိန်းများဖြစ်ပါကြောင်း၊ မိခင်နှင့်ကလေး သေဆုံးမှုနှုန်းကို လျှော့ချနိုင်ခြင်းသည် မိသားစုတစ်ခုချင်းစီ၏ ဘဝကိုသာမက နိုင်ငံတစ်နိုင်ငံလုံး၏ ကျန်းမာရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် မျှော်မှန်းလူ့သက်တမ်း တိုးမြင့်လာရေးတို့ကို အကျိုးပြုစေမည်ဖြစ်ပါကြောင်း။

 

အလေးထားဆောင်ရွက်လျက်ရှိ

 

ထို့ကြောင့် မိခင်နှင့်ကလေးကျန်းမာရေးကို မြှင့်တင်ရေး၊ ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာသက်ရှည်စွာ နေထိုင်နိုင်ရေးတို့ကို နိုင်ငံတော်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပြီး ထိုလုပ်ငန်းစဉ်များ အောင်မြင်ရန် ကျန်းမာရေးဝန်ကြီးဌာန တစ်ခုတည်း၏ ကြိုးပမ်းမှုဖြင့် မလုံလောက်ပါကြောင်း၊ မိသားစု၊ ရပ်ရွာလူထု၊ လူမှုရေးအသင်းအဖွဲ့များ၊ ပုဂ္ဂလိကကဏ္ဍနှင့် မိတ်ဖက်အဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ကြရန် လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း။

 

အသင်းဝင်များအနေဖြင့် ကျေးလက်ဒေသနှင့် အခြေခံကျန်းမာရေးဝန်ဆောင်မှု လိုအပ်နေသော လူမှုအသိုက်အဝန်းများအတွင်း ရပ်ရွာပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံ၍ ကျန်းမာရေး အသိပညာများဖြန့်ဝေပေးနေပြီး ပြည်သူလူထု၏ ယုံကြည်မှုရရှိအောင် ဆောင်ရွက်ပေးနေသည့်အတွက် အထူးအသိအမှတ်ပြုလိုပါကြောင်း၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းသည် နိုင်ငံတော်၏ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ကျန်းမာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ အားလုံးနှင့်အတူ လက်တွဲညီညီ ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားနိုင်ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၏ လှုပ်ရှားမှုမှတ်တမ်း ဗီဒီယိုကို ပြသသည်။

 

ကဏ္ဍအလိုက် ထူးချွန်ဆုများပေးအပ်ချီးမြှင့်

 

ယင်းနောက် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များ၏ ပညာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေး စသည့်ကဏ္ဍကြီး(၄)ရပ် လှုပ်ရှား ဆောင်ရွက်မှုအတွက် ကဏ္ဍအလိုက် ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ရာ ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှက ပညာရေးကဏ္ဍ ဆောင်ရွက်မှုများအတွက် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး၊ တတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးတို့မှ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များကို ဆုများပေးအပ်ချီးမြှင့်ရာ သက်ဆိုင်ရာ အဖွဲ့ဥက္ကဋ္ဌများက လက်ခံရယူကြသည်။

 

ဆက်လက်၍ ဂုဏ်ထူးဆောင်နာယက ဒေါ်စမ်းစမ်းအေးက လူမှုရေးကဏ္ဍလှုပ်ရှား ဆောင်ရွက်မှုများအတွက် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ တတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များကိုလည်းကောင်း၊ ဂုဏ်ထူးဆောင်နာယက ဒေါ်နန်းနီနီအေးက စီးပွားရေးကဏ္ဍ လှုပ်ရှားဆောင်ရွက်မှုအတွက် ပထမဆုရရှိသည့် ရှမ်းပြည်နယ်၊ ဒုတိယဆုရရှိသည့် ကချင်ပြည်နယ်နှင့် တတိယဆုရရှိသည့် မွန်ပြည်နယ်တို့မှ မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ကျန်းမာရေးကဏ္ဍ လှုပ်ရှားဆောင်ရွက်မှုအတွက် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ကရင်ပြည်နယ်နှင့် တတိယဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီးတို့မှ မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များကိုလည်းကောင်း၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က လှုပ်ရှားမှုထူးချွန် နှစ်သိမ့်ဆုရရှိသည့် ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့များကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

 

ထို့နောက် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် တိုင်းဒေသကြီး၊ ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့၏ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုသည်။

 

လှည့်လည်ကြည့်ရှုအားပေး

 

ယင်းနောက် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှသည် ကိုယ်ဝန်ဆောင်မိခင်များကို အာဟာရဖြစ်စေမည့် အစားအစာများ ထောက်ပံ့ပေးပြီး (၅)နှစ်အောက် ကလေးငယ်များအား အမီလိုက်ကာကွယ်ဆေးများ တိုက်ကျွေးပေးကာ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များက ဒေသထွက် ကုန်ပစ္စည်းများနှင့် ရိုးရာလက်မှုပစ္စည်းများ ခင်းကျင်းပြသ ရောင်းချနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း (၃၅)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်က အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးက ၂၀၂၅ ခုနှစ် နှစ်ချုပ် အစီရင်ခံစာကိုလည်းကောင်း၊ အသင်းဘဏ္ဍာရေးမှူးက ၂၀၂၅ - ၂၀၂၆ ခုနှစ် ငွေစာရင်းရှင်းတမ်းနှင့် ၂၀၂၆ - ၂၀၂၇ ရသုံးမှန်းခြေစာရင်းကိုလည်းကောင်း ဖတ်ကြားတင်သွင်းကြသည်။

 

ယင်းနောက် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များက ၂၀၂၅ ခုနှစ် နှစ်ချုပ်အစီရင်ခံစာကို ဖတ်ကြားတင်သွင်းကြပြီး သဘာပတိများက နှစ်ချုပ်အစီရင်ခံစာအပေါ် သုံးသပ်အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။     

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News